ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသည့် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ဒေသကို နှစ်ရက်ဆက်တိုက် အာဏာသိမ်း ရွေးတုအစိုးရတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်း ရွေးတုအစိုးရသည် ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ဖလံကျေးရွာကို နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တို့ထံက သိရသည်။

“ဖလံရွာကို ၁၅ ရက်နေ့ ညမှာ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲတယ်။ ၁၆ ရက်နေ့ မှာ Y-12 နဲ့ အလုံး ၃၀ ကျော် ကြဲတယ်။ နေ့လယ်မှာပဲ ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်ကြဲချတယ်” ဟု ဖြစ်စဉ်သိရှိထားသော ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုဒေသသည် အပစ်ရပ်ထားသော NMSP ထိန်းချုပ်ဒေသဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ငါးဦး သေဆုံး၍ ၃၀ ဦးဝန်းကျင် ဒဏ်ရာရကာ ချဲတိုက်ရွာ ဆေးပေးခန်းအပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံဆေးခန်းများ၊ လူနေအိမ်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုအား ကျူးလွန်ခြင်းဖြစ်ကြောင်း NRFF က ထုတ်ပြန်ဆိုသည်။

အဆိုပါဗုံးကြဲ တိုက်ခိုက်လာမှုများသည် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ကျူးလွန်ခြင်းဖြစ်၍ NMSP အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကိုမူ ထုတ်ပြန်ဆိုမှု မရှိသေးသလို မကြာသေးခင် ကာလကမှ အာဏာသိမ်း ရွေးတုအစိုးရနှင့် တွေ့ဆုံထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အပစ်ရပ်စာချုပ် NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) (၁၀) ဖွဲ့ရှိပြီး ထိုအထဲ၌ NMSP လည်း ပါဝင်သလို ရွေးတုအစိုးရ စစ်အာဏာသိမ်းမှုကြောင့် EAO အနည်းငယ်သာ ထိတွေ့ဆက်ဆံလာကြောင်း သိရသည်။
လက်ရှိတွင် NCA ကို ချိုးဖောက်၍ အာဏာသိမ်းသည့် ရွေးတုအစိုးရနှင့် ထိတွေ့ဆက်ဆံ ပူးပေါင်းလျက်ရှိသည့် အပစ်ရပ်လက်ကျန် အဖွဲ့တချို့ထဲ NMSP ပါဝင်မှုအပေါ် လက်မခံသဖြင့် မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ဟူ၍ ခွဲထွက်မှုများရှိသည်။
ထိုမွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် ရာမည ဖက်ဒရယ်အင်အားစုသစ် (NRFF) တို့သည် ဒေသတွင်းရှိ အင်အားစုများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စစ်အာဏာသိမ်း ရွေးတုအစိုးရကို ခုခံတော်လှန်လျက်ရှိကြောင်း သိရသည်။