‎ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာသည့် (၃) နှစ်ပြည့်မြောက်ချိန်တွင် အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် မြို့ သုံး မြို့ကို အပြီးသတ် သိမ်းပိုက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရခိုင်နှင့် မကွေးစစ်မျက်နှာတို့တွင် နှစ်ဖက်စစ်ရေး အရှိန် အမြင့်ဆုံးသို့ ရောက်ရှိလာပြီး ရွေးတုအစိုးရစစ်တပ်ဘက်က ဆက်သွယ်ရေးတံတားများကို ဖျက်ဆီးကာ လေကြောင်းနှင့် မြေပြင်ထိုးစစ်များကို အပြင်းအထန် လုပ်ဆောင်လာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့တွင် AA ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဧရိယာများ ပိုမိုကျယ်ပြန့်လာကာ မြို့ပြင်နေရာများဖြစ်သည့် သိုင်းချောင်း၊ မင်းပြင်၊ အဝတောင်နှင့် တောင်မော်ဦး ဝန်းကျင်တို့တွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။

အထူးသဖြင့် နိုဝင်ဘာ ၁၆ ရက်နှင့် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တို့တွင် AA တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ပေါ်နှင့် ၂ မိုင်ကျော်သာ ကွာဝေးတော့သည့် အမှတ် (၃၂) ရဲတပ်ရင်း ဝန်းကျင်အနီးသို့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရွေးတုအစိုးရစစ်တပ်၏ ခြေကုပ်စခန်းနေရာအချို့ကိုပါ သိမ်းပိုက်ထား ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

တစ်ချိန်တည်းမှာပင် စစ်တွေစစ်မျက်နှာတွင်လည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ရွေးတုအစိုးရ စစ်တပ်သည် နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁ နာရီ၃၉ မိနစ်ခန့်မှ စတင်ကာ စစ်တွေမြို့အနီးဝန်းကျင်သို့ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

“အခုရက်ပိုင်းကို စစ်တပ်က ဘက်စုံကနေ စစ်ကြောင်းပြန်ထိုးလာတယ်။ ထိုးစစ်ဆင်လာတာပေါ့။ AA ဘက်ကလည်းတန်ပြန်ထိုးစစ်ဆင်နေတာမို့ စစ်တွေနဲ့ ကျောက်ဖြူဘက်တိုက်ပွဲအပြင်းဆုံးဖြစ်နေတယ်” ဟုသတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် AA သည် ကျန်ရှိနေသော ကျောက်ဖြူနှင့် စစ်တွေမြို့တို့၏ မြို့ပေါ်အနီးဝန်းကျင် ခံစစ်စခန်း များကို စတင်ဖိအားပေး ထိုးစစ်ဆင်လာနေသဖြင့် ရွေးတုအစိုးရစစ်တပ်ဘက်က လေကြောင်းအသာ စီးရယူမှု၊ အရပ်ဘက်လေယာဉ်များဖြင့် လူအင်အားဖြည့်တင်းမှုတို့အပြင် ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် တံတားများကိုပါ ဖျက်ဆီး လာခဲ့သည်။

ရွေးတုအစိုးရစစ်တပ်သည် နိုဝင်ဘာ ၁၄ ရက်နေ့က ရမ်းဗြဲမြို့နယ်နှင့် အဉ္ဇနပူရမြို့နယ်ရှိ တံတားများကို မိုင်းခွဲခြင်းနှင့် လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ဖြင့် ဖျက်ဆီးခဲ့သည်။

တောင်ကုတ်-မအီ-ရမ်းဗြဲ-ကျောက်ဖြူ လမ်းပေါ်ရှိ မင်းချောင်းတံတား၊ သဇင်တန်ပေါက်တံတား၊ သံဒမကြီးတံတား၊ သံဒမချေတံတားနှင့် မင်းပြားမြို့နယ် စွန်ရဲတံတားများကို ဗုံးကြဲမိုင်းခွဲ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကာ ယင်းသို့ ဖျက်ဆီးနိုင်ခဲ့သည့်အတွက် AA ၏ အုပ်ချုပ်ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်နိုင်ပြီဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့် ဖော်ပြလျက်ရှိသည်။ ထို့အပြင် နိုဝင်ဘာ ၁ ရက်နေ့ကလည်း ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ယိုးချောင်း တံတားကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သည်။

မြေပြင်စစ်ရေးလှုပ်ရှားမှုအနေဖြင့် ယခင်က အထိနာတပ်လန်ခဲ့သည့် ပုဏ္ဏားကျွန်းထိုးစစ်ကို ရွေးတု အစိုးရ စစ်တပ်က အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ပြီး အမြင့်ကျွန်းမှတစ်ဆင့် မင်းချောင်းတံတားအနီးအထိ ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

အဆိုပါ ပုဏ္ဏားကျွန်းထိုးစစ်မှတစ်ဆင့် ရသေ့တောင်လမ်းဆုံကို ထိန်းချုပ်ပြီး AA ၏ ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်။

အလားတူ ခမောင်းတောဘက်သို့ ရွှေမင်းဂံဘက်မှ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲပြင်းထန်နေသကဲ့သို့ AA ထိန်းချုပ်ရာ ဝါဘိုဘက်တွင်လည်း အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသည်။ ကျောက်ဖြူဘက် တွင်လည်း တောင်မော်ဦး ရေတပ်စခန်း၏ ကမ်းတက်စစ်ဆင်ရေးမှတစ်ဆင့် စနဲမြို့နှင့် ရမ်းဗြဲလမ်းဆုံကို ထိန်းချုပ်ရန် စစ်တပ်က ကြိုးပမ်းနေသည်။

တစ်ချိန်တည်းမှာပင် AA နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့် မကွေးတိုင်း၊ နတ်ရေကန် စစ်မျက်နှာအတွက်လည်း နိုဝင်ဘာ ၁၅ ရက်နေ့က အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) အတွင်းသို့ အင်အားအပြည့်တင်ဆောင်လာသည့် စစ်ယာဉ်တန်း ၁၀ စီး ဝင်ရောက်အားဖြည့်ထားသည်။

ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ဒေသများနှင့် ကချင်ပြည်နယ် အစိတ်အပိုင်းအချို့မှအပ ကျန်ဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က ဗျူဟာကျသည့် တိုက်စစ်ဖော်ဆောင်နိုင်စွမ်း လျော့နည်းနေပြီး ရွေးတုအစိုးရစစ်တပ်ဘက်ကသာ တိုက်စစ်ဆင်နေသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။

ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)