ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊တွင် ရွေးတုအစိုးရစစ်တပ်နှင့် အပစ်ခတ်ရပ်စဲရေး(NCA) ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ရေးချောင်းဖျားဒေသ ဗုံးကြဲတိုက်ခိုက်မှုအပေါ် တော်လှန်ရေးအဖွဲ့တစ်ခု ဖြစ်သည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့( (NMSP-AD)က ရှုတ်ချထားသည်။

 

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာစစ်အာရှင်ကိုတော်လှန်နေသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့မှ အရပ်သားပြည်သူ လေး ဦး သေဆုံးကာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရှုတ်ချဝေဖန် လိုက်ခြင်းဖြစ်သည်။

အပြစ်မဲ့ပြည်သူများအပေါ် ယခုကဲ့သို့ အကြောင်းမဲ့ တိုက်ခိုက်နေမှုသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး စစ်ရာဇ ဝတ်မှုမြောက်သည့်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း နှင့် တာဝန်ရှိသူများကို အရေးယူနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူများ၊ နေအိမ်ပျက်စီးဆုံးရှုံးသွားသူများ၏ မိသား စုဝင်များနှင့်ထပ်တူဝမ်းနည်းကြောင်း၊ ပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း NMSP-AD က ဆိုသည်။

 

မွန်ပြည်သူလူထုများအနေဖြင့်လည်း တိုက်ခိုက်ခံရသူများကို ဝိုင်းဝန်းကူညီပေးကြရန်နှင့် NMSP-AD အနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းတိုက်ဖျက်နိုင်ရေးအတွက် မွန်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အ စည်းများ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းများ၊ မွန်မျိုးချစ်အင်အားစုများ အားလုံး နှင့် လက်တွဲသွားမည်ဖြစ်မည်။

 

မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာဗညားအောင်မိုး၊ မိမြင့်သန်း၊ နိုင်ချမ်းတွဲ့နှင့် နိုင်ရဲထွဋ်အောင်တို့သည် ယခုကဲ့သို့ မွန်ပြည်သစ်ပါတီနယ်မြေတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ရွေးတု ပြည်ထောင်စု လွှတ်တော်နာယကထံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်