ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေးကောက်ခံခြင်းနှင့် လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးရန် လမ်းညွှန်ပေးခြင်းများ လုပ် ဆောင်နေသည်ဟု စွပ်စွဲခံရသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက် နံနက် ခုနှစ်နာရီအချိန်ခန့်က တောင်တွင်းကြီးမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဌေးအား ကြမ်းကြားကျေးရွာရှိ ၎င်း၏နေအိမ်၌ပင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပူးပေါင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပစ်ခတ်ခံရသူ ဦးကျော်ဌေးသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး စစ်တပ်၏ ခိုင်းစေချက်အတိုင်း လစဉ် စစ်မှုထမ်းကြေးကောက်ခံခြင်းနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် လမ်းညွှန်ခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်နေသူဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်က စွပ်စွဲပြောဆိုထားသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး (Rocket Fighter) အဖွဲ့နှင့် တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း စစ်တပ်လက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် အုပ် ချုပ်ရေးမှူးများ ပူးပေါင်းကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ် လုပ် ဆောင်လျက်ရှိရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းလုပ်ရပ်များတွင် ပါဝင်ပတ်သက်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်နေ ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းကလည်း တောင်တွင်းကြီးမြို့နယ်၊ ဆတ် သွားကျေးရွာအနီး ဆတ်သွား-လယ်ဝေးလမ်းပိုင်းတွင် ဆိုင်ကယ်နှစ်စီးဖြင့် ကင်းလှည့်ရင်း ပေါ်တာဆွဲဖမ်း ဆီးမှုများ လုပ်ဆောင်နေသည့် ကုက္ကိုလ်ကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး MA-13 သေနတ်တစ်လက်၊ ကျည်ကိုးတောင့်နှင့် ဆိုင်ကယ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နေပြည် တော် ၉၀၂ တပ်ရင်း၊ တပ်ခွဲ-၃ (တောင်တွင်းကြီးတပ်ခွဲ) ထံမှ သိရသည်။
လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း မြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးဒလန်များနှင့် ပျူစောထီးများအနေဖြင့် စစ်မှုထမ်းကြေးကောက်ခံခြင်း၊ ပေါ်တာဆွဲရန် လမ်းညွှန်ခြင်းနှင့် ပြည်သူများအပေါ် ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်ပါက အချိန်မရွေး ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။