ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သည်းမခံနိုင်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပမှာ တနင်္လာနေ့က သတင်းထောက်တွေကို ဂူတာရက်စ်က အခုလို ပြောကြားခဲ့တာပါ။

ပိုဆိုးလာနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဆက်လက်ခွင့်ပြုထားလို့ မရဘူးလို့ ဆိုပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၁၆ သန်းကျော် အကူအညီ လိုအပ်နေသလို ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ၎င်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား သေဆုံးမှု အများဆုံး ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံနဲ့ အဆင့်လိုက် ထိတွေ့ဆက်ဆံဖို့ စဉ်းစားနေချိန်မှာပဲ သံတမန်ရေးအရ ထိတွေ့ဆက်ဆံတာဟာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်ခံအလျှော့ပေးတာမျိုး မဖြစ်စေရဘူးလို့ သူက သတိပေးပါတယ်။

“ထိတွေ့ဆက်ဆံခြင်းဆိုတာ အလျှော့ပေး လိုက်လျောခြင်း မဟုတ်ပါဘူး” လို့ ဒီဇင်ဘာလမှာ ရာထူးသက်တမ်း ကုန်ဆုံးတော့မယ့် ဂူတာရက်စ်က ပြတ်ပြတ်သားသား ဆိုပါတယ်။

နယ်မြေထိန်းချုပ်မှု အခြေအနေ ဘယ်လိုပဲရှိရှိ လိုအပ်နေသူတွေဆီ အကူအညီတွေ ခြွင်းချက်မရှိ ပေးပို့ခွင့်ပြုဖို့နဲ့ မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက အာဆီယံရဲ့ အဆင့်လိုက် ချဉ်းကပ်မှုမှာ အကြမ်းဖက်မှု ရပ်တန့်ရေးကို မြန်မာက ဘယ်လောက်အထိ လက်တွေ့လုပ်ပြနိုင်မလဲ ဆိုတာကို အရင်ဆုံး စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ အာဆီယံနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှု မြင့်တက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့နဲ့ ကျင့်ဝတ်စည်းကမ်း သဘောတူညီချက် အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ကတိပြုပါတယ်။

News: The Independent
Ref; UN chief says ‘intolerable violations of human rights’ in Myanmar must end