ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်ကိုင်စွဲထားသလို မြန်မာနိုင်ငံဘက်က လုပ်ဆောင်လာတဲ့ တိုးတက်မှုတွေကို အာဆီယံအနေနဲ့ အသိအမှတ်ပြုသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

မြန်မာက အရင်က မျှော်မှန်းထားတာထက် ပိုတဲ့ အဆင့်တွေ လုပ်လာတာကြောင့် ဒေသတွင်း အစုအဖွဲ့အနေနဲ့ ဆက်ဆံရေးမှာ ပိုပြီး ပျော့ပြောင်းတဲ့ ချဉ်းကပ်ပုံမျိုး သုံးဖို့ လိုလာပြီလို့ သူက ဆိုပါတယ်။

ဘုံသဘောတူညီချက် (၅) ရပ်ကို သဘောတူပေမယ့် မြန်မာနိုင်ငံကို အချို့သော အသိအမှတ်ပြုမှုတွေ ပေးဖို့အတွက် နေရာလွတ်တွေ ချန်ထားပေးသင့်တယ်လို့ ၎င်းက တနင်္လာနေ့ညက မနီလာမြို့မှာ သတင်းထောက်တွေကို ရှင်းပြပါတယ်။

မြေပြင်ပေါ်က အဖြစ်အပျက်တွေကို ကြည့်ပြီး အဆင့်လိုက် ချဉ်းကပ်တဲ့ မူဝါဒကို ကျင့်သုံးဖို့ မလေးရှားက အာဆီယံ အလွတ်သဘောဆွေးနွေးပွဲမှာ တင်ပြခဲ့တာလို့ အန်ဝါက ပြောပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေအပြင် အင်ဒိုနီးရှားတို့ကပါ မြန်မာ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ် ဆွေးနွေးတာတွေ လုပ်လာကြပြီလို့ ၎င်းက ထောက်ပြပါတယ်။

မလေးရှားနိုင်ငံလည်း အဲဒီလိုမျိုး အဆင့်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အရင်တုန်းက ဒီလိုမျိုး အခြေအနေမျိုး မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဒီလို ထိတွေ့ဆက်ဆံမှုတွေကို အသုံးချပြီး ပြည်တွင်းမှာရှိတဲ့ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ ဆွေးနွေးလာအောင် သက်ဆိုင်ရာတွေကို တိုက်တွန်းသွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာစစ်အုပ်စုကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ပေးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြိုးပမ်းမှုကိုလည်း အန်ဝါက အားရကျေနပ်ကြောင်း ဖော်ပြပါတယ်။

မြန်မာစစ်အုပ်စုအနေနဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေ ပါဝင်နေတာကို သဘောမကျပေမယ့် မူဝါဒအရ ကန့်ကွက်တာမျိုး မလုပ်ခဲ့တာဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ရှေ့တစ်လှမ်း တိုးလာတာပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေး လုပ်ဆောင်သမျှဟာ ငြိမ်းချမ်းရေးရဖို့နဲ့ အာဆီယံမှာ ပြန်ပြီး ပါဝင်ခွင့်ရဖို့ဆိုတဲ့ ရည်မှန်းချက်နှစ်ခုကို ဦးတည်ရမှာဖြစ်သလို ပြည်သူတွေအတွက်ပါ တရားမျှတမှု ရှိရမယ်လို့ အန်ဝါက ပြောပါတယ်။

News: The Star
Ref; Asean should recognise Myanmar’s progress while upholding Five-Point Consensus, says Anwar