‎​ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၇ ရက်

‎‎​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေး ရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ရွေးတုအစိုးရ စစ်တပ်ဘက်မှ ၂၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတစ်ဦးကို WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရသည်။

‎တပ်မ (၃၃) လက်အောက်ခံတပ်များနှင့် ဝန်းသိုအခြေ စိုက် ခမရ -၁၁၁ နှင့် ခမရ -၁၂၀ တပ်ရင်းများ ပါဝင်သည့် အင်အား ၄၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၇ နာရီခန့်တွင် ကောလင်းမြို့နယ်မှ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

‎”ကောလင်း၊ ကန့်ဘလူစစ်ကြောင်းထိုးနေတာ။ ရွာသား ၁၅ ယောက်လောက်ကိုလည်း ဓားစာခံဖမ်းခံထားရတယ်လို့သိရတယ်။ အသတ်ခံရသူတွေလည်း ရှိနေတယ်။ တိုက်ပွဲတွေလည်းဖြစ်နေလို့ လေကြောင်းကလည်း လာပစ်တယ်” ဟု ကောလင်းဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀မိနစ်တွင် ရွေးတုအစိုးရ စစ်တပ်၏ တံတားဦးမှ Y-12 လေယာဉ်ဖြင့် (၁၃) ကြိမ်တိုင် လေကြောင်းပစ်ကူပေးကာ ကိုးတောင်ဘို့ရွာသို့ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် တော်လှန်ရေးအင်အား စုများနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

‎ထို့အပြင် ကိုးတောင်ဘို့ရွာမှ မိဿလင်ကုန်းရွာသို့ ထွက်လာသည့် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များသည် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်တွင်
တိုက်ပွဲဆက် လက်ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး တပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ရှေ့ဆက်မတိုးနိုင်သည့် ရွေးတုအစိုးရ စစ်တပ်ကို ည ၆ နာရီ ၁၅ မိနစ်တွင် Y-12 လေယာဉ်ဖြင့် (၁၃) ကြိမ် ထပ်မံပစ်ကူပေးခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းမှာ သင်တောရွာဘက်သို့ ဝင်ရောက်သွားခဲ့သည်။

‎အဆိုပါတိုက်ပွဲများအတွင်း ဝန်းသို ခမရ (၁၁၁) တွင် တာဝန်ထမ်းဆောင်နေသည့် ဆေးအလွန်အကျွံသုံးစွဲထားသော စစ်သုံ့ပန်းတစ်ဦးကို WY ဆေးပြားများ၊ ငွေသားအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကဆိုသည်။

‎ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းက ရှေ့တန်းတိုက်ပွဲဝင်ချိန်၌ အကြောက်တရားကင်းဝေးစေရန်နှင့် တက်ကြွစွာ လှုပ်ရှားနိုင်ရန်ဟုဆိုကာ WY ဆေးပြားများကို ခွဲတမ်းဖြင့် ပေးဝေသဖြင့် သုံးစွဲရာမှ ဆေးစွဲလာခဲ့ခြင်းဖြစ် ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

‎သင်တောရွာသို့ ရောက်ရှိနေသည့် စစ်တပ်စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဇော်ချောင်းရွာနှင့် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် သင်တောရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပေါက်ဆိန်ကုန်းရွာနှင့် ကံကြီးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

‎​လက်ရှိတွင် ကောလင်းမြို့နယ်ဘက်မှ စစ်တပ် စစ် ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်လာခြင်းဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကုက္ကိုကုန်းရွာဘက်မှ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည် ဟင်သော်ရွာဘက်သို့ ဦးတည်နေကာ အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းမှာ ပေါက်ဆိန်ကုန်းရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဟင်သော်ကိုဝင်သည့်စစ်ကြောင်းမှာ ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သား တစ်ဒါဇင်ခန့်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးနေသည့် ရွေးတုအစိုးရ စစ်တပ် အတွက် ‎နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ်ခန့်ကလည်း ကိုးတောင်ဘို့ရွာနှင့် ညောင်ကုန်းရွာအနီးသို့ လေကြောင်းမှတစ်ဆင့် ရိက္ခာထုပ်များ ချပေးခဲ့သည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းများကြောင့် ကိုးတောင်ဘို့၊ ချပ်သင်းနှင့် ကန့်ဘလူတိုက်နယ် သုံး ခုမှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။