
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်မှာ သောက်ရေသန့်ပိုတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖုန်းခိုးသူအဖြစ် စွပ်စွဲပြီး ဝိုင်းရိုက်နှက်တာတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၆ ရပ်ကွက်၊ ခိုင်နှင်းဆီလမ်းမှာရှိတဲ့ အေကေတီ သောက်ရေသန့်စက်ရုံက ရေသန့်ပို့တဲ့ မိန်းကလေး ၂ ဦးကို အမှတ် ၆ ရပ်ကွက်ရုံးကို ခေါ်ပြီး ပါးကို သုံးချက်ဆင့်ရိုက်ခဲ့သလို ခြေထောက်တွေနဲ့ကန်ကာ ဝါယာ ကြိုး သုံးပင်လိမ််ပြီး တင်ပါးတွေနဲ့ ခြေထောက်တွေကို ရိုက်နှက်တာတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ၁၁ ရပ်ကွက်က “လွင်” ကုန်ခြောက်ဆိုင် ရေသန့်သွားပို့မိတာ အဲ့တာ ဖုန်းပျောက်တယ်ဆိုပြီး စွပ်စွဲပြီး ရိုက်တာ ပါးကိုလည်း ၃ ချက်လောက်ရိုက်တယ် ပြီးတော့ ဝါယာကြိုးတွေနဲ့သုံးပင်လောက်လိမ်ပြီး တင်းပါးတွေရော ခြေထောက်တွေပါးတွေကိုရောရိုက်တာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရေသန့်ပို့တဲ့ မိန်းကလေး ၂ ဦးကို နိုဝင်ဘာလ ၉ ရက်နေ့က ရက်ကွက်ရုံးခေါ်ကာ ရိုက်နှက်ခဲ့တာကြောင့် အရိုက်ခံရသူ အမျိုးသမီး ၂ ဦးမှာ မထနိုင်တော့တဲ့အထိ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက်က အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီကခန့်ထားတာဖြစ်ပြီး စစ်ကောင်စီ သတင်းပေးတွေ အများဆုံးနေထိုင်တဲ့ ရပ်ကွက်ရုံးဖြစ်သလို မိန်းကလေး ၂ ဦးကို ရိုက်နှက်စဉ်ကလေး အုပ်ချုပ်ရေးပိုင်းက သူတွေ၊ ရဲတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
#မအူပင်မြို့ #သောက်ရေသန့် #အမျိုးသမီး #ဖုန်းခိုးတယ်စွပ်စွဲ #ရဲ #အုပ်ချုပ်ရေးအဖွဲ့ #ဝိုင်းရိုက်
#Ayeyarwaddy_Times