
ဧရာဝတီတိုင်းမ်
(မြန်အောင်)၊ နိုဝင်ဘာလ ၁၄ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မျှင်၊ မျှင်ဝါးတောင်ကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းကအမည်မသိအဖွဲ့က သေနတ်နဲ့၀င်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အပစ်ခံရတဲ့သူမျှင်ဝါးတောင်ရဲစခန်းဘေးနားလေးတင်နေတာ။ ရဲနဲ့စစ်တပ်သတင်းပေး သူ့ကို ၀င်ပစ်တာလို့ပြောတယ်။ သေနတ်သံတွေကြားတော့ ရဲစခန်းကလဲပြန်ပစ်ကြတာ။ ၁၅မိနစ်လောက်ကြာတယ်။ သေနတ်သံ အပစ်ခံရတဲ့လူထိမထိတော့မသိရဘူး”လို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားရာ နေရာဟာ မျှင်ဝါးတောင်ရဲစခန်းအနီးမှာဘဖုန်းဆိုင်ဖွင့်ထားပြီး စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ရဲ့ အမာခံသတင်းပေး မင်းထွဋ် ဆိုသူကိုလာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိမရှိအတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဒေသခံတစ်ချို့ကပြောပါတယ်။
သေနတ်သံကြားရပြီးနောက်ပိုင်း ညနေ၄နာရီကျော်အချိန်ကမျှင်ဝါးတောင်နယ်မြေရဲစခန်းကရဲတပ်ဖွဲ့၀င်တွေကစခန်းအတွင်းမှ ၁၅မိနစ်ခန့်ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ည ၉ နာရီ အချိန်မှာလည်းမျှင်ဝါးတောင်ကျေးရွာအရှေ့ဘက်ရှိ သရက်ချောင်းတောအုပ်အတွင်းကလည်း သေနတ်သံအချို့ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သတ်ပြီး မြန်အောင်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့တော်လှန်ရေးအင်အားစုတွေဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ် နဲ့ ရဲတွေကမျှင်ဝါးတောင်၊ဝင်္ကပါ၊ရွာသစ်ကုန်းစတဲ့ကျေးရွာတွေမှာ ၀င်ရောက်တပ်စွဲထားပြီး ဒေသခံရွာသား ၅ ဦး ထက်မနည်းဖမ်းဆီးထားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။