
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ ရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းတစ်ခုသို့ ရိက္ခာသယ်ပို့ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား နိုဝင်ဘာလ (၁၃) ရက်နေ့ ညနေ (၃)နာရီကျော်အချိန်ခန့်တွင် KNDF B (10) မှ ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
လောပိတမြို့ ၊ ဘီလူးချောင်းအနီးရှိ စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးအား KNDF B (10)မှ ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၀ မိနစ်ကြာ ထိတွေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦးအပါအဝင် စုစုပေါင်း (၃)ဦးသေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ တပ်သားတစ်ဦးကိုင်ဆောင်သော MA-1 အမျိုးအစား သေနတ် (၁)လက် ၊ ကျည်ဘောက် (၄) ခု ၊ ကျည်ဆံအချို့နှင့် ဖုန်း (၁)လုံးတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း လောပိတမြို့အခြေစိုက် စစ်ကောင်စီ၏တပ်များမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထဲမှ (၂)ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။
ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလ အစမှ ယနေ့အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက် တိုက်ခိုက်မှုများသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ဘောလခဲ ၊ ရှားတော မြို့နယ်များအတွင်း တိုက်ပွဲ စုစုပေါင်း (၁၃)ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ (၉)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNDF B10 ၏ စာရင်းများအရ သိရသည်။
“ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ မြို့နယ်အလိုက် အခြေစိုက်တပ်များမှာ နိုဝင်ဘာလအစမှ စ၍ လက်နက်ကိုင်တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲများကို သတ္တိရှိရှိ မပြုလုပ်ရဲခဲ့ဘဲ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပြည်သူလူထုများကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့ နေ့စဥ် လက်နက်ကြီးများပစ်ခက်၍ သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှု့များကို ကျူးလွန်လျှက်ရှိနေပါသည်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ရေးသားထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNDF
#လောပိတ #ရိက္ခာသယ်ပို့ #စစ်ကောင်စီ #ကြားဖြတ်တိုက်ခိုက်
#Ayeyarwaddy_Times