
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
ရန်ကုန်မြို့အခြေစိုက် တရုတ်လူမျိုးပိုင် ရွှေစက်ဝန်း ဆန် လုပ်ငန်းကုမ္ပဏီသည် နိုဝင်ဘာလ ၁၀ ရက်ဝန်း ကျင်ကစ၍ ငွေကျပ်သိန်းပေါင်း ၁ သိန်းကျော် လိမ်လည်ပြီး ထွက်ပြေးသွားကြောင်း ဆန်လုပ်ငန်းကုန် စည်ဒိုင်တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
လိမ်လည်ထွက်ပြေးခဲ့သည့် ရွှေစက်ဝန်းဆန်လုပ် ငန်း ကုမ္ပဏီသည် မူဆယ်၊ ရန်ကုန်၊ မန္တလေး စသည့် ဆန်ကုန်သည်များဆီမှ ဆန်များဝယ်ယူပြီး ငွေကြေးမရှင်းဘဲ လိမ်လည်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
“သူက လုပ်ငန်းလုပ်တာတော့ ကြာပြီ။ ဒါပေမဲ့ သူယိုင်နေတာ ၂ နှစ်နီးပါးတော့ရှိပြီ။ ရန်ကုန်မှာ ဆန် စက်ဆောက်ပြီးတော့ ဆန်ကြိတ်ခွဲလုပ်တယ်။ ဆန် တွေမှာတယ်။ ပြီးရင် တရုတ်ကိုပို့တယ်။ ပြီးခဲ့တဲ့ ၃၊ ၄ ရက်ကနေစပြီးတော့ ပျောက်သွားတာ၊ ပိုက်ဆံ တွေမရှင်းဘဲနဲ့။ ရန်ကုန်ကပါတဲ့သူနည်းတယ်။ အများဆုံးပါသွားကြတာ မန္တလေးက”ဟု ဆန်လုပ်ငန်းရှင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါကုမ္ပဏီကို ၂၀၀၃ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး ဆန်စပါးကြိတ်ခွဲရောင်းဝယ်ရေးလုပ်ငန်း ကို ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တစ်ဦးက “ဘယ်လောက်ပါသွားကြတယ်ဆိုတာ တော့ မသိရသေးဘူး။ မနည်းတော့မနည်းဘူးဗျ။ သိန်းသောင်းချီမယ်”ဟု ဧရာဝတီတိုင်းသတင်းဌာနကို အတည်ပြုပြောသည်။
လိမ်လည်ထွက်ပြေးသွားသူမှာ တရုတ်လူမျိုးဖြစ်ပြီး ကုမ္ပဏီမှာငွေကြေးအရှုပ်အရှင်းဖြစ်ပေါ်နေသည်မှာ ကြာပြီဖြစ်ပြီး ငွေကြေးလည်ပတ်နိုင်ခြင်းမရှိတော့ သည့်အတွက် ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
မူဆယ်မှ ဆန်လုပ်ငန်းရှင်တစ်ဦးကလည်း “မူဆယ်မှာအရင်က အခြေချလုပ်တာ။ အဲဒီကတစ်ဆင့် မန္တလေး၊ မန္တလေးကနေ ရန်ကုန်မှာအခြေစိုက်တာပေါ့။ အတော်ပါသွားကြတယ်ဗျ။ သေချာစိစစ်ပြီး ရင်တော့ စာရင်းနဲ့ငွေဘယ်လောက်ဆိုတာ သိရမယ် ထင်တယ်”ဟု ၎င်းမှပြောသည်။
အဆိုပါဖြစ်စဥ်အား မူဆယ်၊ မန္တလေးရှိ ဆန်စပါး လုပ် ငန်းရှင်များနှင့် ဆန်အသိုင်းအဝိုင်းထံ ဆက်သွယ်စုံစမ်းမေးမြန်းရာတွင် လိမ်လည်သွားသည့် ငွေကြေးစုစုပေါင်းမှာ ခန့်မှန်း ကျပ်သိန်းပေါင်း တစ်သိန်းကျော်အထိရှိကြောင်းသိရသော်လည်း သီးခြားအတည်မပြုနိုင်ပါ။
ဖြစ်စဥ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်အနေဖြင့် ရွှေစက်ဝန်းကုမ္ပဏီအား ကြိုးစားဆက်သွယ်သော် လည်း ဆက်သွယ်၍မရခဲ့ပါ။
ဓာတ်ပုံ – ဆန်ဂိုဒေါင်တခု၏ပုံအားအသုံးပြုထားသည်။