ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံး စီရင်ချက်ထဲမှာ စစ်ဆင်ရေးကာလ စစ်တပ်ကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ နာမည်ကို မကြာခဏ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ကြာသပတေးနေ့ ဆုံးဖြတ်ချက်ဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူနည်းစုတွေအပေါ် သတ်ဖြတ်မှုနဲ့ မုဒိမ်းမှု ကျူးလွန်မှုတွေအတွက် တစ်ဦးချင်း ပြစ်မှုထက် နိုင်ငံတော်ရဲ့ တာဝန်ရှိမှုကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အနောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတုန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ မင်းအောင်လှိုင် ပြောခဲ့တဲ့ မိန့်ခွန်းတွေကိုတော့ တရားရုံးက ထောက်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ အပြောအဆိုတွေဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းပွားအောင် လှုံ့ဆော်နိုင်ခြေ ရှိခဲ့တယ်လို့ ICJ တရားရုံး စီရင်ချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေကို တခြားတိုင်းရင်းသားတွေအတွက် ဖြေရှင်းဖို့လိုတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတစ်ခုလို မင်းအောင်လှိုင်က မကြာခဏ ပုံဖော်ပြောဆိုခဲ့တယ်လို့ ICJ တရားရုံးက ဆိုပါတယ်။
စစ်ဆင်ရေးကာလမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ချီးကျူးခဲ့ပြီး ဘင်္ဂါလီပြဿနာရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စကို ဖြေရှင်းတာလို့ ရည်ညွှန်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဒီနှစ် ဧပြီလမှာ အရပ်သားသမ္မတ ဖြစ်လာခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ဒေသတွင်း ခရီးစဉ်တွေ သွားနေပါတယ်။
ဒီစီရင်ချက်က မင်းအောင်လှိုင်ကို လူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ အထင်ရှားဆုံး ဖော်ဆောင်သူအဖြစ် ပုံဖော်လိုက်ပြီး နိုင်ငံတကာ မျက်စိကျမှုကို ပိုမြင့်တက်စေတယ်လို့ လေ့လာသူ ဒေးဗစ်မက်သီဆန်က ပြောပါတယ်။
တရားရုံး ဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင်ကို တစ်ဦးချင်း တိုက်ရိုက်စီရင်တာ မဟုတ်ပေမဲ့ ၂၀၁၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူဖြစ်တယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့က ရစ်ချတ် ဟော့ဆေးက ဆိုပါတယ်။
ဒီအချက်က သူ့ရဲ့ ခရီးသွားလာမှုကို မတားဆီးနိုင်ပေမဲ့ ပုံမှန်နိုင်ငံ့ခေါင်းဆောင်တစ်ယောက်လို လက်ခံရဖို့ ကြိုးပမ်းမှုကို ပိုခက်ခဲသွားစေမှာ ဖြစ်ပါတယ်။
ICJ တရားရုံး စီရင်ချက်တွေဟာ အတည်ဖြစ်ပြီး အယူခံဝင်ခွင့် မရှိပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်ရိုက် အရေးယူနိုင်စွမ်းတော့ မရှိပါဘူး။
မင်းအောင်လှိုင်အတွက် ပိုပြင်းထန်တဲ့ တရားစွဲဆိုမှု အလားအလာတွေကတော့ တခြားတရားရုံးတွေမှာ ရှိနေပြီး ၂၀၂၄ ခုနှစ်မှာ ICC ရှေ့နေချုပ်က ဖမ်းဝရမ်း တောင်းဆိုခဲ့သလို အာဂျင်တီးနားမှာလည်း အမှုတစ်ခု ရှိနေပါတယ်။
မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု မကျူးလွန်ဟု အမြဲ ငြင်းဆိုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း အစွန်းရောက်တွေကို တုံ့ပြန်ခဲ့တာလို့ ပြောထားပါတယ်။
News: AFP-Jiji
Ref; Min Aung Hlaing’s words could have contributed to Myanmar genocide, court says