ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ကျယ်ပြန့်လာသော အွန်လိုင်းလောင်းကစားများကို ရွေးတုအစိုးက zero tolerance ( လုံးဝသည်းမခံခြင်း) မူဝါဒကျင့်သုံးပြီးထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ရွေးတုအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သော ရွေးတုအစိုးရ၏ ဒုတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။
အွန်လိုင်းငွေလိမ်လည်မှုအပါအဝင် အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်ပြီး Zero Tolerance ကို ကျင့်သုံးကာ လုံးဝသက်ညှာမည်မဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင်အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံရှိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားပြီး လေးနှစ်မူဝါဒချမှတ်ထားသည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံရှိ ထိုက်ချန်း (Tai Chang) ငွေလိမ်စင်တာများနှင့် ဆက်စပ်နေသော အထောက်အကူပြုမည့် သတင်းအချက်အလက်များ ပေးပို့နိုင်သူများအတွက် အမေရိကန်ပြည်ထောင်စုမှ ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်သွားမည်ဟု ပြန်ထားသည်။
အဆိုပါ ရာဇဝတ်လုပ်ငန်းများသည် အမေရိကန်နိုင်ငံသားများထံမှ ငွေကြေးများကို လိမ်လည်ခိုးယူနေသည့်အပြင် လူကုန်ကူးခံရပြီး အဆိုပါငွေလိမ်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသူများအပေါ်တွင်လည်း ခေါင်းပုံဖြတ်အမြတ်ထုတ်လျက်ရှိကြောင်းပါဝင်သည်။

လက်ရှိတွင် ရွေးတုအစိုးရသည် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အဆောက်အအုံများကိုဖြိုချဖျက်ဆီး၍ သက်သေများကို ဖျောက်ဖျက်နေသည်။
အွန်လိုင်းလိမ်လည်မှုတွက် Application များ၊ Website အတုများအသုံးပြု လိမ်လည်ခြင်း၊ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း၊ အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း၊ အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟုအကြောင်းပြ၍ လိမ်လည်ခြင်းတို့အများဆုံးဖြစ်ကြောင်း နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၏ အစီရင်ခံစာအရသိရသည်။
မကြာသေးခင်ကလည်း တရုတ်အစိုးရအလိုရှိသည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို ရန်ကုန်မြို့ပေါ်တွင် ဖမ်းဆီးခဲ့သည်။
ဓာတ်ပုံ – KNU, လူမှုကွန်ရက်