ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးမြို့မှ ခေါဇာမြို့ ခလရ-၃၁ တပ်ရင်းသို့ ပြန်လာသည့် တပ်ရေးဗိုလ်ကြီး၏ကားကို ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ တွင် Mon State Revolutionary Force(MSRF) အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရေးတောင်ပိုင်း ရင်းဒိန်ကျေးရွာနှင့် ရင်းရယ်ကျေးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရေးဗိုလ်ကြီးဇော်မျိုးအောင်၊ လုံခြုံရေးရဲဘော်တစ်ဦးနှင့် တပ်ရေးဗိုလ်ကြီး၏ မိသားစုဝင် သုံး ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
“မနေ့က သုံးနာရီခွဲလောက်မှာ ရေးမြို့ကနေ ခလရ ၃၁ ခေါဇာမြို့ကိုပြန်လာတဲ့တပ်ရေးဗိုလ်ကြီးရဲ့ကားကိုလမ်းမှာ ကျွန်မတို့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ပစ်ခတ်တိုက်ခိုက်မှုမှာဆိုလို့ရှိရင် တပ်ရေးဗိူလ်ကြီး ဇော်မျိုးအောင်အပါအဝင် လုံခြုံရေးတစ်ယောက်ရယ် မိသားစုဝင်တွေလဲ သေဆုံးခဲ့တယ်” ဟု MSRF ပြန်ကြားရေးတာဝန်ရှိသူ မိတလဉာဏ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်တပ်တပ်ရေးဗိုလ်ကြီးထံမှ MA-3 တစ်လက်၊ MA ကျည်ဘောက် သုံး ခု၊ MA ကျည်တောင့် (၁၀၀) ဝန်းကျင်၊ ပစ္စတို MA5 တစ်လက် နှင့် ဖုန်း တစ် လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိကြောင်း သိရသည်။
ရေးတောင်ပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့များ၌ ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်က ရေးချောင်းဖျားကျေးရွာနှစ်ရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ လေးဦးသေဆုံးခဲ့ပြီး၂၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – MSRF