ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

ရိုဟင်ဂျာလူမျိုးစုများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်နေ့တွင် ချမှတ်လိုက်သည့် အပြီးသတ် စီရင်ချက်အပေါ် ကြိုဆိုထောက်ခံကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်သည်။

တရားရုံး၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ပဋိပက္ခနှင့်ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပြီး ကလေးငယ်များကိုလည်း ပြင်းထန်သည့်လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)သည် ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတသည့် တာဝန်ယူမှု တာဝန်ခံမှုများရှိစေရေး ကတိပြုခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ရသည့် ရိုဟင်ဂျာ မိန်းကလေးငယ်များ၊ အမျိုးသမီးများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် WLB အနေဖြင့် အာဏာသိမ်းစစ်တပ်ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်းနှင့် အဆိုပါစစ်တပ်သည် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်စာချုပ်အရ အဓိက ပါဝင်ကျူးလွန်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး အဓိက တာဝန်ယူ တာဝန်ခံရမည့်သူ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

WLB သည် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ရိုဟင်ဂျာလူမျိုးစုများအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ပေါက်ရေးအတွက် ရိုဟင်ဂျာအမျိုးသမီးအဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ထို့ပြင် ခုခံတော်လှန်ရေးအဖွဲ့အစည်းများ နှင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဦးဆောင်မှုအဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ မဖြစ်ပွားစေရေး၊တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးတို့အတွက် တာဝန်ယူဆောင်ရွက်ကြရန်လည်း WLB က တိုက်တွန်းထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်