ဆောင်းပါးရှင် – မောင်ဖြူဖွေး
(ဧရာဝတီတိုင်းမ်၊ နိုဝင်ဘာ ၂၁ ရက်)
တရုတ်နိုင်ငံသည် ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့လက်နက်လွှဲပြောင်းရောင်းချမှု စုစုပေါင်း၏ ၅ ဒသမ ၆ ရာခိုင်နှုန်းကို ရရှိထားပြီး ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး လက်နက်တင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ယင်းတင်ပို့မှုပမာဏသည် ယခင် ငါးနှစ်တာကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အဓိက စစ်လက်နက်ပစ္စည်းများ တင်သွင်းပေးနေသည့် နိုင်ငံကြီးများစာရင်းတွင် ပါဝင်လာသည်။
သို့သော် အဆိုပါ လက်နက်ရောင်းချမှု ဖြန့်ဖြူးနိုင်စွမ်းတွင် ကြီးမားသော ကန့်သတ်ချက်တစ်ခု ရှိနေသည်။ ပါကစ္စတန်တစ်နိုင်ငံတည်းကပင် ထိုကာလအတွင်း တရုတ်လက်နက်တင်ပို့မှု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဝယ်ယူထားပြီး ကျန်ရောင်းချမှုများကိုသာ အခြားနိုင်ငံ ၄၆ နိုင်ငံသို့ ဖြန့်ကျက် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာဈေးကွက်ကို ပိုမိုချဲ့ထွင်လိုသည့် ကာကွယ်ရေးစက်မှုလုပ်ငန်း တစ်ခုအတွက် ဝယ်ယူသူ တစ်နိုင်ငံတည်းအပေါ် ဤမျှအထိ မှီခိုနေရခြင်းမှာ သိသာထင်ရှားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
ပြဿနာမှာ အခြားနိုင်ငံများက တရုတ်စစ်လက်နက်ပစ္စည်းများကို မဝယ်ယူလိုခြင်းကြောင့် မဟုတ်ပေ။ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်းများ၊ နိုင်ငံရေးအရ ကန့်သတ်ချက် နည်းပါးမှု၊ ငွေကြေးထောက်ပံ့ ပေးမှုနှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်လိုသည့် ပေကျင်း၏ ကမ်းလှမ်းမှုများကြောင့် ဝယ်ယူခဲ့ ကြသည့် နိုင်ငံအများအပြား ရှိခဲ့သည်။
သို့သော် အဓိကအခက်အခဲမှာ ယင်းအားသာချက်များကို ရေရှည်တည်တံ့သော ယုံကြည်မှုအဖြစ် ပြောင်းလဲနိုင်ရန် ဖြစ်သည်။ တူရကီနိုင်ငံက အဓိက ဒုံးကျည်ကာကွယ်ရေးစာချုပ်ကို ဖျက်သိမ်းခဲ့ ခြင်းမှသည် ထိုင်းနိုင်ငံ၏ တရုတ်ရေငုပ်သင်္ဘော ဝယ်ယူမှုအပေါ် ကာလရှည်ကြာ မသေချာမရေရာ ဖြစ်နေခြင်းနှင့် မြန်မာနိုင်ငံ၏ JF-17 တိုက်လေယာဉ်အုပ်စုဆိုင်ရာ ပြဿနာများအထိ စက်ပစ္စည်း ယုံကြည်စိတ်ချရမှု၊ အခြားစနစ်များနှင့် တွဲဖက်အသုံးပြုနိုင်မှု (Interoperability) နှင့် ရောင်းချပြီး နောက်ပိုင်း နည်းပညာပံ့ပိုးမှုဆိုင်ရာ မေးခွန်းများ ထပ်ခါတလဲလဲ ပေါ်ထွက်လာခဲ့သည်။
တရုတ်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းသည် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများစွာ ရရှိထား သော်လည်း အဆင့်မြင့်လက်နက်တစ်ခုကို ထုတ်လုပ်နိုင်ခြင်းနှင့် ယုံကြည်စိတ်ချရသော ကာကွယ်ရေး ထောက်ပံ့မှု ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခြင်းမှာ မတူညီပေ။ ဤကွာခြားချက်ကပင် အလား အလာရှိသော ဝယ်ယူသူနိုင်ငံများအနေဖြင့် တရုတ်စစ်လက်နက်ပစ္စည်းများကို မည်သို့ အကဲဖြတ် ကြမည် နည်းဟူသည့် အချက်ကို ပုံဖော်နေခြင်း ဖြစ်သည်။
ဝယ်ယူသူ အနည်းစုအပေါ်သာ မှီခိုနေရသော်လည်း တိုးတက်လာသော တင်ပို့ရောင်းချသူ
ကမ္ဘာ့လက်နက်တင်ပို့မှုတွင် တရုတ်၏ ဈေးကွက်ဝေစုသည် ၂၀၁၆-၂၀၂၀ ပြည့်နှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁-၂၀၂၅ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။ သို့သော် တင်ပို့မှု စုစုပေါင်း၏ ၇၇ ရာခိုင်နှုန်းမှာ အာရှနှင့် အိုရှန်းနီးယားဒေသသို့သာ ရောက်ရှိခဲ့ပြီး ပါကစ္စတန်တစ်နိုင်ငံ တည်းက ၆၁ ရာခိုင်နှုန်းကို ရယူထားသည်။
နိုင်ငံတကာ လက်နက်ဈေးကွက်သည် ဈေးနှုန်း သို့မဟုတ် ရရှိနိုင်မှု တစ်ခုတည်းဖြင့် ဆုံးဖြတ်ခြင်း မဟုတ်သောကြောင့် ယင်းသို့ ဈေးကွက်တစ်ခုတည်း၌ စုပြုံနေခြင်းမှာ အရေးကြီးသည့် အချက် ဖြစ်သည်။ တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ သို့မဟုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူသည့် နိုင်ငံများအနေဖြင့် ဆယ်စုနှစ်များစွာကြာ ပြုပြင်ထိန်းသိမ်းမှု၊ လေ့ကျင့်ရေး၊ အဆင့်မြှင့်တင်မှုနှင့် နည်းပညာပံ့ပိုးမှုတို့အတွက် နှစ်ရှည်လများ တာဝန်ယူဆောင်ရွက်ရမည့် ကတိ ကဝတ်များ ပါဝင်နေသည်။ ထို့ပြင် လက်နက်ပေးသွင်းသူဘက်က နိုင်ငံရေးအရ ယုံကြည်စိတ်ချရမှု ရှိ၊ မရှိနှင့် ဝယ်ယူလိုက်သည့် လက်နက်စနစ်များသည် မိမိတို့ လက်ရှိအသုံးပြုနေသော စစ်လက်နက် ပလက်ဖောင်းများနှင့် အတူတွဲဖက် အလုပ်လုပ်နိုင်ခြင်း ရှိ၊ မရှိ ယုံကြည်မှုလည်း လိုအပ်သည်။
ပါကစ္စတန်တွင် တရုတ်၏ အောင်မြင်မှုသည် ခိုင်မာသော ကာကွယ်ရေးဆက်ဆံရေးကို တည်ဆောက်နိုင် ကြောင်း ပြသနေသည်။ ပါကစ္စတန်လေတပ်သည် တရုတ်နိုင်ငံထုတ် J-10CE တိုက်လေယာဉ်များနှင့် နှစ်နိုင်ငံ ပူးတွဲထုတ်လုပ်ထားသော JF-17 လေယာဉ်များကို အသုံးပြုနေပြီး ပါကစ္စတန်ရေတပ် သည်လည်း တရုတ်တည်ဆောက်ပေးသည့် ဖရီဂိတ်စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများကို ရယူထား သည်။ ယခုကဲ့သိူ့ ဆက်ဆံရေးမှာ နှစ်နိုင်ငံ၏ အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ရာ အခြားလက်နက်ပေးသွင်းသူများ သို့မဟုတ် မတူညီသော လုံခြုံရေးမဟာမိတ် ဆက်ဆံရေးများရှိသည့် နိုင်ငံများအကြားတွင် ပါကစ္စတန်ကဲ့သို့ တရုတ်လက်နက်များအပေါ် မှီခိုမှုမျိုးကို ပုံတူကူးချနိုင်မည် မဟုတ်ပေ။
သုတေသနပြုချက်များအရ ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသူနိုင်ငံအချို့သည် နိုင်ငံရေးအကြောင်း ပြချက်များကြောင့် တရုတ်လက်နက်များကို ရှောင်ရှားနေဆဲ ဖြစ်သည်။ တရုတ်၏ စစ်ရေးအင်အား ချဲ့ထွင်လာမှုကြောင့် အိမ်နီးချင်းနိုင်ငံများက ၎င်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင် လာကြသည့် အာရှဒေသတွင် ယင်းအခြေအနေမှာ အထူးထင်ရှားမြင်သာသည်။ ဂျပန်၊ အိန္ဒိယနှင့် ထိုင်ဝမ်တို့သည် အနောက်နိုင်ငံ လက်နက်ပေးသွင်းသူများထံသို့ ပိုမိုလှည့်ပြောင်းလာကြပြီး ဩစတြေး လျနှင့် တောင်ကိုရီးယားတို့ကဲ့သို့ နိုင်ငံများသည် အမေရိကန်နှင့် ကျယ်ပြန့်သော ကာကွယ်ရေး ဆက်ဆံရေးများကို ထိန်းသိမ်းထားသည်။ ထို့ကြောင့် တရုတ်၏ စစ်ရေးမြင့်တက်လာမှုသည် လက်နက် ဈေးကွက်တစ်ခုကို ဖန်တီးပေးခဲ့သော်လည်း တစ်ချိန်တည်းမှာပင် အလားအလာရှိသော ဝယ်ယူသူအချို့ကို တရုတ်အပေါ် မှီခိုရန် တွန့်ဆုတ်သွားစေခဲ့သည်။
ဝယ်ယူရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ပျက်ပြားလာချိန်
တရုတ် HQ-9 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် ပတ်သက်၍ တူရကီ၏ အတွေ့အကြုံသည် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများနှင့် နည်းပညာလိုအပ်ချက်များက ဆွဲဆောင်မှုရှိသော သဘောတူညီမှုတစ်ခုကို မည်သို့ ပျက်ပြားစေနိုင်ကြောင်း ပြသခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အန်ကာရာ (Ankara) သည် တာဝေးပစ် ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ယာယီစာချုပ်အတွက် တရုတ် တိကျစက်ယန္တရား သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်း (CPMIEC) ကို ရွေးချယ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် နေတိုး (NATO) မဟာမိတ်များ အံ့အားသင့်ခဲ့ကြပြီး တရုတ်စနစ်ကို နေတိုး၏ လေကြောင်းရန်ကာကွယ်ရေး အခြေခံအဆောက်အအုံနှင့် ပေါင်းစပ်အသုံးပြုမည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သည်။
နောက်ဆုံးတွင် စေ့စပ်ညှိနှိုင်းမှုများ ပျက်ပြားသွားခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တူရကီသည် တင်ဒါကို ဖျက်သိမ်းကာ ပြည်တွင်းဒုံးကျည်ကာကွယ်ရေး အစီအစဉ်ကိုသာ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအခက်အခဲမှာ ဝါရှင်တန်နှင့် ဥရောပမြို့တော်များ၏ ဖိအားများထက် ကျော်လွန်နေပြီး တူရကီအနေဖြင့် စနစ်ကို လည်ပတ်ရန်နှင့် နောက်ပိုင်းတွင် ပြန်လည်ထုတ်လုပ်နိုင်ရန် လိုအပ်သော နည်းပညာလွှဲပြောင်းမှုကို တရုတ်က ပေးအပ်ရန် တွန့်ဆုတ်နေခြင်းမှာ အဓိကအတားအဆီး ဖြစ်ခဲ့ကြောင်း တူရကီအရာရှိများက ထောက်ပြခဲ့ကြသည်။
ထိုင်းနိုင်ငံ၏ ရေငုပ်သင်္ဘောဝယ်ယူမှုမှာလည်း နောက်ထပ်ဥပမာတစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဘန်ကောက်သည် တရုတ်နိုင်ငံထုတ် S26T ယွမ်အမျိုးအစား ရေငုပ်သင်္ဘောအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၀၈ သန်းတန်ဖိုးရှိ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်ပါ သဘောတူညီချက်တွင် ဂျာမန် MTU ဒီဇယ်အင်ဂျင်များ တပ်ဆင်ရန် သတ်မှတ်ထားသော်လည်း ဘာလင်အစိုးရက တရုတ်စစ်ရေးပလက်ဖောင်းတွင် အသုံးပြုရန်အတွက် အင်ဂျင်တင်ပို့ခွင့်ကို ငြင်းပယ်ခဲ့သဖြင့် တရုတ်ဘက်က ၎င်းတို့၏ ပြည်တွင်းထုတ် CHD620 အင်ဂျင်များဖြင့် အစားထိုးရန် အဆိုပြုခဲ့သည်။
ထိုင်းနိုင်ငံသည် ဂျာမန်အင်ဂျင်ကဲ့သို့ လက်တွေ့လည်ပတ်မှုမှတ်တမ်း မရှိသေးသည့် အင်ဂျင်တစ်လုံး၏ ယုံကြည်စိတ်ချရမှုနှင့် သက်တမ်းကြာရှည်ခံနိုင်မှုအပေါ် စိုးရိမ်မှုများ ရှိခဲ့ပြီး အစားထိုးမှုကို လက်ခံရန် တွန့်ဆုတ်ခဲ့သည်။ ထိုအငြင်းပွားမှုကြောင့် စီမံကိန်းမှာ နှစ်အတော်ကြာ နှောင့်နှေးခဲ့ရပြီး ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးအငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ ဘန်ကောက်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်အင်ဂျင်ဖြင့် ဆက်လက် ဆောင်ရွက်ရန် နောက်ဆုံးတွင် သဘောတူခဲ့သော်လည်း ယင်းဖြစ်ရပ်က မူလဝယ်ယူရေးအစီအစဉ် အပေါ် ယုံကြည်မှုကို ထိခိုက်စေခဲ့သည်။
ပြဿနာမှာ တရုတ်တွင် အင်ဂျင်တစ်လုံး ထုတ်လုပ်နိုင်စွမ်း မရှိခြင်းကြောင့် မဟုတ်ဘဲ စာချုပ် လက်မှတ်ရေးထိုးပြီးနောက်မှ အရေးကြီးသော နည်းပညာဆိုင်ရာ အခြေအနေတစ်ခုကို ပြောင်းလဲခဲ့ခြင်း ကြောင့် ဖြစ်သည်။ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ခေတ်မီရေငုပ်သင်္ဘောကို ဝယ်ယူနေသည့် ရေတပ်တစ်ခုအတွက် အင်ဂျင်စနစ်နှင့် ပေးပို့ချိန်ဇယားအပေါ် မသေချာမရေရာ ဖြစ်ရခြင်းမှာ သေးငယ်သော စာချုပ်ဆိုင်ရာ အဆင်မပြေမှုတစ်ခု မဟုတ်ပေ။
လက်တွေ့လုပ်ငန်းခွင် စွမ်းဆောင်ရည်နှင့် ပြုပြင်ထိန်းသိမ်းရေး အခက်အခဲများ
တရုတ်စက်ပစ္စည်းများ၏ လက်တွေ့လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်သည် နောက်ထပ် စိုးရိမ် ပူပန်မှုများကို ဖန်တီးခဲ့သည်။ တရုတ်-ပါကစ္စတန် ပူးတွဲထုတ်လုပ်သည့် JF-17 တိုက်လေယာဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အတွေ့အကြုံမှာ အထူးသင်ခန်းစာယူဖွယ် ဖြစ်သည်။ မြန်မာလေတပ်သည် ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ဝယ်ယူရေး သဘောတူညီချက်အရ လေယာဉ်များကို လက်ခံရရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပေးပို့ပြီးသား လေယာဉ်အုပ်စုအများစုမှာ နည်းပညာဆိုင်ရာ ပြဿနာများကြောင့် မြေပြင်တွင် ရပ်နားထားရကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။
လေယာဉ်မှူးဟောင်းများနှင့် ကာကွယ်ရေးလေ့လာသုံးသပ်သူများကို ကိုးကားဖော်ပြသည့် အစီရင် ခံစာများတွင် လေယာဉ်ကိုယ်ထည် အက်ကြောင်းများ ဖြစ်ပေါ်ခြင်း၊ လေယာဉ်အီလက်ထရွန်နစ်စနစ် ပြဿနာများနှင့် တရုတ်နိုင်ငံထုတ် KLJ-7 ရေဒါတွင် ထပ်တလဲလဲ ဖြစ်ပေါ်နေသည့် ချို့ယွင်းချက်များကို ဖော်ထုတ်ခဲ့ကြသည်။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် အစိတ်အပိုင်းများနှင့် နည်းပညာပံ့ပိုးမှု ရယူခွင့် ကန့်သတ်ခံရပြီးနောက် အပိုပစ္စည်းများ ရရှိရန်နှင့် လေယာဉ်ထိန်းသိမ်း ပြုပြင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြဿနာအချို့ကို ကူညီဖြေရှင်းရန် ပါကစ္စတန် နည်းပညာရှင်များကိုပင် ခေါ်ယူခဲ့ရကြောင်း သိရသည်။
JF-17 သည် မအောင်မြင်သော လေယာဉ်တစ်စင်းဟု တစ်ထစ်ချ ပြော၍မရပေ။ ၎င်းသည် ပြည်ပ တင်ပို့မှုဆိုင်ရာ စိတ်ဝင်စားမှုကို ဆက်လက်ဆွဲဆောင်နေဆဲဖြစ်ပြီး နှိုင်းယှဉ်ချက်အရ ကုန်ကျစရိတ် သက်သာခြင်းက ဈေးကြီးသော အနောက်နိုင်ငံ တိုက်လေယာဉ်များနေရာတွင် ဆွဲဆောင်မှုရှိသော အစားထိုးရွေးချယ်မှုတစ်ခု ဖြစ်စေသည်။ ၎င်း၏ Block III မူကွဲတွင်လည်း သိသာထင်ရှားသော တိုးတက်မှုများ ပါဝင်သည်။ သို့သော်လည်း မြန်မာ၏ အတွေ့အကြုံအရ လေယာဉ်တစ်စင်း၏ ကြော်ငြာထားသော စွမ်းရည်များသည် လက်တွေ့ စစ်မြေပြင် အသုံးပြုနိုင်မှုအဖြစ်သို့ အမြဲတမ်း ပြောင်းလဲရောက်ရှိမလာကြောင်း ပြသနေသည်။ ထိန်းသိမ်းပြုပြင်နိုင်ခြင်း မရှိသော သို့မဟုတ် လေကြောင်းပျံသန်းနိုင်စွမ်းကို မထိန်းသိမ်းနိုင်သော တိုက်လေယာဉ်တစ်စင်းသည် နည်းပညာသတ်မှတ် ချက်များ မည်မျှပင် ကောင်းမွန်စေကာမူ အကန့်အသတ်ရှိသော တန်ဖိုးကိုသာ ပေးစွမ်းနိုင်မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း တရုတ်ထောက်ပံ့ထားသည့် စစ်လက်နက်ပစ္စည်းအချို့နှင့် ပတ်သက်၍ အလားတူ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ K-8W လေ့ကျင့်ရေးလေယာဉ်များပေါ်ရှိ လက်နက်စနစ် အခက်အခဲများကို စစ်တပ်ဘက်က အစီရင်ခံခဲ့သလို တစ်ပတ်ရစ် Ming အမျိုးအစား ရေငုပ် သင်္ဘောနှစ်စင်းမှာလည်း သက်တမ်းနှင့် ပြုပြင်ထိန်းသိမ်းရေး လိုအပ်ချက်များအပေါ် ဝေဖန်မှုများ ခံခဲ့ရသည်။ အဆိုပါအချက်များကြောင့် တရုတ်လက်နက်စနစ် အားလုံး ယုံကြည်စိတ်ချရမှု မရှိကြောင်း သက်သေအဖြစ် မယူဆသင့်သော်လည်း လက်နက်တစ်ခု ဝယ်ယူသည့်အချိန်တွင်သာမက လုပ်ငန်း လည်ပတ်သည့် သက်တမ်းတစ်လျှောက်လုံးအတွက်ပါ အကဲဖြတ်စိစစ်ရန် အရေးကြီးကြောင်း ဆိုသည့်အချက်ကို ပိုမိုခိုင်မာစေသည်။
ဒရုန်းနည်းပညာနှင့် အချက်အလက်လုံခြုံရေး စိုးရိမ်မှုများ
တရုတ်ကာကွယ်ရေးနည်းပညာနှင့် ပတ်သက်သော စိုးရိမ်မှုများသည် သမားရိုးကျ လက်နက်ကြီး များတွင်သာ ကန့်သတ်မထားတော့ပေ။ စီးပွားရေးလုပ်ငန်းသုံး ဒရုန်းများ၊ စောင့်ကြည့်ရေး ကိရိယာများနှင့် ချိတ်ဆက်ထားသော စက်ပစ္စည်းများ ပိုမိုအသုံးပြုလာခြင်းနှင့်အတူ လက်နက် ဝယ်ယူရေး ဆုံးဖြတ်ချက်များတွင် အချက်အလက်လုံခြုံရေး (Data Security) ကိစ္စရပ်များပါ ပါဝင်လာခဲ့သည်။
ဂျာမနီနိုင်ငံသည် ၎င်း၏စစ်တပ်အတွင်း တရုတ်ထုတ် ဒရုန်းများ အသုံးပြုခြင်းကို ရပ်ဆိုင်းပြီး ဂျာမန် သို့မဟုတ် အခြားဥရောပထုတ်ကုန်များဖြင့် အစားထိုးသွားမည်ဟု ကြေညာခဲ့သည်။ ဂျာမန်စစ်တပ် (Bundeswehr) သည် ယခင်က ပစ်မှတ်လေ့ကျင့်မှုနှင့် သင်တန်းပေးခြင်းကဲ့သို့သော အန္တရာယ်နည်းသည့် လုပ်ငန်းများအတွက် DJI မော်ဒယ်များအပါအဝင် ဈေးကွက်ဝင် တရုတ်ဒရုန်းများကို အသုံးပြုခွင့် ပေးခဲ့သည်။ စစ်ရေး၊ သတင်းအချက်အလက်နည်းပညာ (IT) နှင့် အချက်အလက်လုံခြုံရေးတို့ကို ကာကွယ်ရန် တစ်ဦးချင်းအလိုက် အန္တရာယ်အကဲဖြတ်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး သီးခြားနိုင်ငံတစ်ခု၏ စက်ပစ္စည်းများအပေါ် အလုံးစုံ ပိတ်ပင်တားမြစ်ခြင်း မဟုတ်ကြောင်းလည်း အလေးပေးပြောဆိုခဲ့သည်။
ဂျာမနီ၏ ဆုံးဖြတ်ချက်သည် အမေရိကန်တွင် နှစ်အတော်ကြာ ဖြစ်ပေါ်နေခဲ့သော အလားတူ စိုးရိမ်မှုများနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပင်တဂွန်စစ်ဌာနချုပ်သည် ၂၀၂၁ ခုနှစ်တွင် DJI ဒရုန်းစနစ်များသည် အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့ပြီး အမေရိကန်ဥပဒေအရ ဖက်ဒရယ်ကာကွယ်ရေး အေဂျင်စီများက တရုတ်ထုတ်ဒရုန်းများ ဝယ်ယူ အသုံးပြုခြင်းကို ကန့်သတ်ထားပြီး ဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဖက်ဒရယ်ဆက်သွယ် ရေးကော်မရှင် (FCC) သည် နိုင်ငံခြားထုတ် ဒရုန်းမော်ဒယ်အသစ်များကို ကန့်သတ်စာရင်း (Covered List) တွင် ထည့်သွင်းခဲ့ပြီး လိုအပ်သော ခွင့်ပြုချက်မရှိဘဲ အမေရိကန်ဈေးကွက်အတွင်း ဝင်ရောက်ခြင်းကို တားဆီးခဲ့သည်။
စီးပွားရေးလုပ်ငန်းသုံး ဒရုန်းများကို စစ်ရေးကင်းထောက်ခြင်း၊ လေ့ကျင့်ရေးနှင့် စောင့်ကြည့်ခြင်း တို့အတွက် ပိုမိုအသုံးပြုလာကြရာ ၎င်းတို့၏ ကင်မရာများ၊ လမ်းညွှန်စနစ်များ၊ ဆော့ဖ်ဝဲလ်နှင့် အချက် အလက်ချိတ်ဆက်မှု စနစ်များမှတစ်ဆင့် စစ်ရေးအဆောက်အအုံများ၊ တပ်ဖွဲ့ဝင်များနှင့် စစ်ဆင်ရေး လှုပ်ရှားမှုများအကြောင်း သတင်းအချက်အလက်များ ပေါက်ကြားနိုင်သည်။ ထုတ်ကုန်တစ်ခုကို စစ်ရေးအသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း မရှိသည့်တိုင် ကာကွယ်ရေးဌာနတစ်ခုအတွင်း ရှိနေခြင်းက လုံခြုံရေးအားနည်းချက်တစ်ခုကို ဖန်တီးပေးနေသည်။
တရုတ်ကာကွယ်ရေး ရည်မှန်းချက်များ၏ အကန့်အသတ်များ
တရုတ်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းသည် ရပ်တန့်နေခြင်း မရှိဘဲ ရေတပ်တည်ဆောက်ရေး၊ ဒုံးကျည်များ၊ ဒရုန်းများ၊ တိုက်လေယာဉ်များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် သိသာ ထင်ရှားစွာ တိုးတက်လျက်ရှိသည်။ ကုန်ကျစရိတ်၊ ဒဏ်ခတ်ပိတ်ဆို့မှုများ သို့မဟုတ် နိုင်ငံရေး ကန့်သတ်ချက်များကြောင့် အနောက်နိုင်ငံ ဈေးကွက်များသို့ ဝင်ရောက်ရန် ခက်ခဲနေသော နိုင်ငံများအား စစ်လက်နက်ပစ္စည်းများ ကမ်းလှမ်းနိုင်စွမ်းကိုလည်း ပြသထားနိုင်သဖြင့် ၎င်း၏ ကာကွယ်ရေး တင်ပို့မှုများသည် ဝယ်ယူသူအများအပြားအတွက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်သည်။
သို့သော် ကမ္ဘာ့ထိပ်တန်း လက်နက်ပေးသွင်းသူ ဖြစ်လာရန် တရုတ်၏ ရည်မှန်းချက်မှာ ထုတ်လုပ်မှု ပမာဏ တစ်ခုတည်းဖြင့် ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံများသည် ယုံကြည်စိတ်ချရစွာ အလုပ်လုပ်နိုင်ပြီး လွတ်လပ်စွာ ထိန်းသိမ်းပြုပြင်နိုင်သည့်အပြင် လက်ရှိစစ်ရေး စနစ်များနှင့် ပေါင်းစပ်အသုံးပြုနိုင်သော လက်နက်များကိုသာ လိုလားကြသည်။ ထို့အတူ နည်းပညာ ဆိုင်ရာ မှီခိုမှုကို အသုံးချ၍ ခြယ်လှယ်မည့်အစား နိုင်ငံရေးအကျပ်အတည်း ကာလအတွင်း ပံ့ပိုးမှုပေးမည်ဟူသော ယုံကြည်မှုကိုလည်း လိုအပ်ကြသည်။
တူရကီ၊ ထိုင်းနှင့် မြန်မာတို့၏ အတွေ့အကြုံများသည် ကနဦးသဘောတူညီချက် လက်မှတ်ရေး ထိုးပြီးနောက် ကာလအတော်ကြာမှ ပေါ်ပေါက်လာသည့် စိုးရိမ်မှုများက လက်နက်ဝယ်ယူရေးအပေါ် မည်သို့ သက်ရောက်မှုရှိနိုင်ကြောင်း ပြသနေသည်။ တစ်ချိန်တည်းမှာပင် ဂျာမနီနှင့် အမေရိကန်တို့၏ လုပ်ရပ်များက အချက်အလက်လုံခြုံရေးဆိုင်ရာ မေးခွန်းများသည် စစ်ဘက်အဖွဲ့အစည်းများ အသုံး ပြုသည့် ဈေးသက်သာသော စီးပွားရေးသုံး ကိရိယာများအထိပါ ကျယ်ပြန့်လာပုံကို ဖော်ပြနေသည်။
တရုတ်သည် ဈေးနှုန်းနှင့် ထုတ်လုပ်မှုစွမ်းရည်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း ကာကွယ်ရေးတင်ပို့မှုများမှာ ထုတ်လုပ်ရန် ပိုမိုခက်ခဲသော အရာတစ်ခုအပေါ်တွင်သာ မူတည်နေသည်။ ယင်းမှာ “ယုံကြည်မှု” ပင် ဖြစ်သည်။ တရုတ်လက်နက်ထုတ်လုပ်သူများအနေဖြင့် ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာသော နည်းပညာပံ့ပိုးမှုနှင့် ရေရှည်ဝန်ဆောင်မှုပေးနိုင်မှုဆိုင်ရာ ခိုင်မာသော မှတ်တမ်း ကောင်းတစ်ခုကို မတည်ဆောက်နိုင်သမျှ ၎င်းတို့၏ တိုးချဲ့နေသော စက်မှုစွမ်းရည်များသည် နိုင်ငံ တကာ၏ ကျယ်ပြန့်သော လက်ခံယုံကြည်မှုအဖြစ် အလိုအလျောက် ပြောင်းလဲလာလိမ့်မည် မဟုတ်ပေ။
(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီတစ်ဦး ဖြစ်ပါသည်။ ယခုဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာန၏ အာဘော် မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာ တင်ပြအပ်ပါသည်။)