ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
တပ်အင်အား လိုအပ်ချက်အတွက် အသက်သွင်း၍ ပြဌာန်းထားသော ပြည်သူ့စစ်မှုထမ်း(ပစ) ဥပဒေဖြင့် အဓမ္မဖမ်းဆီးငွေညှစ် တပ်သားသစ် စုဆောင်းနေသူ ၂၀၀ ဝန်းကျင်ကို အရေးယူထားကြောင်း အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ပြောသည်။
ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာမှုများကို အစားထိုးဖြည့်တင်းနိုင်ရန် ရည်ရွယ်ပုံဖော်ထားသော ယင်းဥပဒေအား အသုံးချ၍ အရွယ်မရောက်သေးသူနှင့် သက်ကြီးပိုင်းများပါမကျန် ခြိမ်းခြောက်လုပ်နေချိန် ယနေ့နိုဝင်ဘာ ၂၁ ရက်၌ ထိုသို့ထုတ်ပြန်လာသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်အထိ ငွေကြေးဆိုင်ရာ ၄၉ မှု၊ တရားခံ ၁ဝ၂ ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှု၊ တရားခံ ၉၇ ဦး စုစုပေါင်း ၇၁ မှု၊ တရားခံ ၁၉၉ ဦးကို အရေးယူထားဟု ရွေးတုအစိုးရ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဖော်ပြဆိုသည်။
စစ်ရေးပြင်းထန်လာသည်နှင့်အမျှ ၎င်းတို့ထိန်းချုပ်ထားသော ဒေသများတွင် နေညမရွေး လိုက်လံဖမ်းဆီးကာ တပ်သားသစ် စုဆောင်း၊ ငွေညှစ်မှုများ ဖြစ်ပေါ်ကြီးထွားနေမှုအပေါ် တုံ့ပြန်ငြင်းဆိုလျက်ရှိရာမှ ယခုအခါ ထုတ်ပြန်ဝန်ခံလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသော အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ ငွေကြေးကောက်ခံခြင်းများမှာ မသမာသူများနှင့် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးများဖြစ်ပြီး ၎င်းတို့အနေဖြင့် အထူးအလေးထား၍ စိစစ်ဖော်ထုတ်နေဟု ရွေးတုအစိုးရက ပြစ်တင်လွဲချထားသည်။
ယင်းအပြင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တိုင်ကြားလာမှုကြောင့် အရေးယူရသည့် ငွေကြေးဆိုင်ရာ ၁၈၂ မှုတွင် အရေးယူပြီးစီးမှု ၉၁ မှု၊ စိစစ်ဆဲ ၅၆ မှု၊ မမှန်မကန်တိုင်ကြားမှု ၃၅ မှု စသည်တို့ရှိကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထာသည်။
အလားတူ အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၄၃ မှုတွင်လည်း အရေးယူပြီးစီးမှု ၁၇ မှု၊ စိစစ်ဆဲ ၁၄ မှု၊ မမှန်မကန်တိုင်ကြားမှု ၁၂ မှုရှိကာ ၎င်းတို့အား ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူထားပြီးဖြစ်ကြောင်း ရွေးတုအစိုးရက ဆိုသော်လည်း မည်သူမည်ဝါ မသိရပေ။
ဓာတ်ပုံ – ရွေးတုအစိုးရ