
ကိုမိုင်း/ဧရာဝတီတိုင်းမ်
(ကွမ်းလုံ)၊ နိုဝင်ဘာ ၁၄ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ နားတီးကျေးရွာအနီးတွင် အခြေချလှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နိုဝင်ဘာ (၁၃)ရက်နေ့၊ နံနက် (၇)နာရီခွဲ ဝန်းကျင်အချိန်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါရွာအနီး အခြေချ လှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ တပ်စခန်းအား စစ်ကောင်စီတပ်မှ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု PSLF/TNLA၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။
TNLA တပ်မဟာ(၆)လက်အောက်ခံတပ်ရင်း (၆၆၁) နှင့် စစ်ကောင်စီတပ်တို့ မိနစ်(၃၀)ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး အသေး စိတ်အချက်အလက်များကို မသိရသေးဟု PSLF/TNLA၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒေသခံအမျိုးသားတစ်ဦးကလည်း ” တိုက်ပွဲက ကွမ်းလုံမြို့နယ် နားတီးရွာနားမှာဖြစ်တာ၊စစ်ကောင်စီတပ်တွေလည်း လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတော့ပြင်းထန်တဲ့ အခြေအနေမှာ ရှိတယ်” ဟု အတည်ပြုပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် မန္တလေး PDFတို့နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အကြားတွင်၂ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲအတွင်း အသက်(၂၀)ကျော် PDF ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မန္တလေးPDFမှ သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ ၊ လားရှိုး၊ သိန္နီ၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံ မြို့နယ်အတွင်းတွင် TNLA အပြင် ကိုးကန့် MNDAA၊ ကချင်လွတ် မြောက်ရေးတပ် KIA နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များရှိနေပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဓါတ်ပုံ – TNLA