‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂၇ ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးသည့် စစ်တပ် စစ်ကြောင်းကို AAကတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးမှုများပြားကြောင်း သိရသည်။

‎ယမန်နေ့ နိုဝင်ဘာ ၂၆ရက်တွင် စစ်တပ်က လမ်းဟောင်း ပဇီဘက်မှ နတ်ရေကန်ဗျူဟာကုန်းကို အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးတက်လာသည့်အတွက် AAနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‎”ခန့်မှန်းအင်အား ၃၀၀ နဲ့ ၄၀၀ ကြားသုံးပြီး နတ်ရေကန်ဘက်တက်တာမှာ တိုက်ပွဲဖြစ်တယ်။ ဂုတ်ကြီးဘက်မှာပါ တိုက်ပွဲတွေဖြစ်တယ်လို့သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ခန့်သေဆုံးခဲ့ပြီး လက်နက်၊ ခဲယမ်းအများအပြားကို AAကသိမ်းဆည်းရမိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်တပ်ဘက်က ဇင်ပြွန်းနှင့် ဆုံကုန်းမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ကူ‌ပေး၍ ဒဏ်ရာရသူများကို ဆွဲထုတ်သွားကြောင်း သိရသည်။

‎ပြီးခဲ့သည့် ရက်ပိုင်းက မကွေးဘက်မှနေ၍ ဆုံကုန်း အမြောက်တပ်အတွင်းကို အင်အား ၂၀၀ ခန့်ထပ်မံဖြည့်တင်းပြီးနောက် ပဇီဘက်မှနေ၍ နတ်ရေကန်ကို စစ်ကြောင်းတက်လာခြင်းဖြစ်သည်။

‎အမ်း၊ တလိုင်းတောင်နှင့် သဖန်ရောင်ရှိ ငကုန်းကျေးရွာဘက်တွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အထိနာ၍ နောက်ဆုတ်နေရသည်ဟု သိရသည်။

ဓာတ်ပုံ- ပုံဟောင်း