ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာ စာသင်ကျောင်းကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင် လူဦးရေ ၄၅ ဦးကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီခန့်က အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အကလေ့ကျင့်နေစဉ် လေကြောင်းမှ ဗုံး သုံး လုံး ကြဲချတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမ ခုနစ် ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော်၊ ကိုရင် တစ် ပါးနှင့် အရပ်သားပြည်သူ အချို့အပြင် သရက်ခရိုင် အမှတ် (၅) တပ်ရင်းမှ ရဲဘော် ခုနစ် ဦးနှင့် ရဲမေတစ် ဦး (စုစုပေါင်း တပ်ဖွဲ့ဝင် ရှစ် ဦး) တို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သရက်ခရိုင် ရင်း (၅) က သူတို့ရဲဘော်တွေ ပါသွားလို့ သင်္ဂြိုဟ်ဖို့ သွားတဲ့အချိန်ကျမှ အခုလောက် ထိခိုက်သေဆုံးမှု များတယ်ဆိုတာ သိရတာပါ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအပြီးတွင် အင်ရုံကျေးရွာနှင့် အနီးဝန်းကျင်ရှိ နဘဲ့ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေခြင်း၊ ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းအပြင် ဖြတ်သန်းသွားလာခွင့်များပါ ကန့်သတ်ပိတ်ပင်ထားခြင်းတို့ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အခင်းဖြစ်ပွားရာ အင်ရုံကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အခြေစိုက်စခန်းချ နေထိုင်ခြင်းလည်း မရှိဘဲ လမ်းကြုံဖြတ်သန်းသွားလာခြင်းသာ ရှိကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများကို ကယ်ထုတ်၍ ဆေးဝါးကုသခွင့် မရရှိသေးသည့်အတွက် သေဆုံးသူ အရေ အတွက် ထပ်မံမြင့်တက်လာနိုင်ဖွယ် ရှိနေကြောင်း သိရသည်။