ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

 

ထိုင်း-မြန််မာနယ်စပ်ရှိ ကော့မြစ်(Kok) နှင့် ဆိုင်မြစ် (Sai) တို့အတွင်း အာဆင်းနစ်အဆိပ်သင့်ကာ မြစ်ရေညစ်ညမ်းမှုကိုဖြစ်စေသည်ဟု သံသယရှိနေသည့် သတ္တုတွင်းများကို ခြောက်လကြာရပ်ဆိုင်းထားရန် ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား တိုက်တွန်းတောင်းဆိုလိုက်သည်။

 

မြစ်ရေညစ်ညမ်းမှုမှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိသတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ဆက်စပ်နေကြောင်းကို သိပ္ပံနည်းကျ အထောက်အထားများဖြင့် ထိုင်းနိုင်ငံက တင်ပြခဲ့ပြီး နိုဝင်ဘာ၂၄ ရက်နေ့က မြန်မာ၊ ထိုင်း၊ တရုတ် သုံးနိုင်ငံဆွေးနွေးပွဲတွင် ထိုင်းသုတေသီများက နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မြစ်ရေစီးဆင်းသွားသည်နှင့်အမျှ အာဆင်းနစ် ပါဝင်နှုန်း လျော့ကျသွားပုံကို ပြသခဲ့ခြင်းဖြစ်သည်။

 

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Juan Wei ကလည်း ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က မြစ်ရေညစ်ညမ်းမှုများနှင့် တရုတ်ကုမ္ပဏီများဆက်စပ်နေပါက ဥပဒေအရအရေးယူသွားမည်ဖြစ်ပြီး တစ်စုံတစ်ဦးအပေါ်မပြစ်မတင်မှီ သိပ္ပံနည်းကျစုံစမ်းမှုများပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

“သတ္တုတွင်းတွေကို ခြောက်လပိတ်ထားပေးဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်” ဟု ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီး Yodchanan Wongsawat က ပြောကြားခဲ့သည်။

 

ထို့ပြင် ညစ်ညမ်းစေသည့်အနည်အနှစ်များ မြစ်အတွင်း စီးဝင်စေသည့် နေရာများမှ နမူနာများကောက်ယူကာ စစ်ဆေးနိုင်ရန် သတ္တုတူးဖော်ရာနေရာများသို့ သွားရောက်ခွင့်ပြုရန်လည်း ထိုင်းနိုင်ငံက တောင်းဆိုထားကြောင်း သိရသည်။

 

သုတေသီများ၏ ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်အရ ဆိုင်မြစ်အတွင်းရှိ သဘာဝပမာဏထက် ကျော်လွန်နေသည့် အာဆင်းနစ်များ၏ ၃၂ မှ ၃၃ ရာခိုင်နှုန်းခန့်မှာ မြေရှားသတ္တုတူးဖော်မှုနှင့် ဆက်စပ်နေပြီး ကျန် ၆၇ မှ ၆၈ ရာခိုင်နှုန်းမှာ ရွှေနှင့် သတ္တုရိုင်း တူးဖော်မှုနှင့်ကိုက်ညီနေကြောင်း သိရသည်။

 

ဂြိုဟ်တုဓာတ်ပုံတွက်ချက်မှုများအရ ဆိုင်မြစ်ရေ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်သို့ ရောက်ရှိချိန်တွင် မြစ်ရေနောက်ကျိမှု၏ သုံးပုံနှစ်ပုံခန့်သည် မြန်မာနိုင်ငံ မိုင်းကန်အနီးရှိ ရွှေတူးဖော်ရေးဇုန်မှ ၃၀ ရာခိုင်နှုန်းခန့်နှင့် ပန်တုံအနီးရှိ ရွှေတူးဖော်ရေးဇုန်မှ ၃၆ ရာခိုင်နှုန်းခန့် ပါဝင်နေကြောင်း သိရသည်။

 

ကော့မြစ်တွင်မူ မြေရှားသတ္တုတူးဖော်မှု မှ ၃၉ မှ ၅၀ ရာခိုင်နှုန်းနှင့် ရွှေ နှင့် ဆာလဖိုက်သတ္တုရိုင်း တူးဖော်မှုမှ ၅၀ မှ ၆၁ ရာခိုင်နှုန်း တို့ပါဝင်နေကြောင်း သိရသည်။

 

သတ္တုတွင်းနေရာအချို့သို့ ဝင်ရောက်စစ်ဆေးနိုင်ရန် ရှမ်းမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံကလည်း နည်းပညာနှင့် အကူအညီများ ပေးအပ်ရန်ကမ်းလှမ်းထားကြောင်း သိရသည်။

 

ထို့ပြင် ထိုင်းနှင့်တရုတ်တို့ ပူးပေါင်းကာ ချင်းရိုင်ရှိ မယ့်ဖားလုံတက္ကသိုလ်(Mae Fah Luang University) တွင် သတ္တုတွင်းတစ်ခုချင်းစီ၏ ဓာတုဗေဒ အမှတ်အသားများကို နှိုင်းယှဉ်စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

 

ကိုးကား – The Nation Thailand