ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
လက်ရှိ လူဦးရေစာရင်း e-ID Biographic Registration Software စနစ်အတွင်း ကိုယ်ရေးအချက်အလက် လူဦးရေ ၅၂ သန်း စာရင်းထည့်သွင်းပြီးနောက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း တစ်ခုထက်ပိုမို ကိုင်ဆောင်ထားသူများ တွေ့ရှိရသဖြင့် တစ်ခုပယ်ဖျက်ရမည် ဖြစ်ကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ – ၆၆/၆) တစ်ခုထက်ပိုမို ကိုင်ဆောင်ထားသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် လဝက ရုံးတွင် လူကိုယ်တိုင် သွားရောက်၍ စာရင်းတစ်ခု ပယ်ဖျက်ရမည် ဖြစ်ကြောင်း ရွေးတုအစိုးရ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အတူ အိမ်ထောင်စုသန်းခေါင်စာရင်းတွင် နေရာနှစ်နေရာ၌ ပါဝင်နေသူများလည်း စာရင်းတစ်ခုကို ဖျက်သိမ်းရမည် ဖြစ်သည်။

အဆိုပါ သတ်မှတ်ရက်အတွင်း တစ်ခုထက်ပိုသော စာရင်းများကို ပယ်ဖျက်ခြင်း မရှိပါက နောက်ဆုံး ထုတ်ယူထားသော နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းကိုသာ အတည်ပြုယူပြီး ယခင်စာရင်းကို အလိုအလျောက် ပယ်ဖျက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
“မှတ်ပုံတင်နှစ်ခု ဖြစ်နေတာ ရှိတယ်။ ဟိုအရင်တုန်းက ပိုက်ဆံအိတ် ပျောက်သွားဖူးတယ်။ မှတ်ပုံတင် တွေ ပါသွားတော့ အသစ်ပြန်လုပ်ရတယ်။ နောက်ကြာတော့ ပိုက်ဆံအိတ် ပြန်တွေ့တယ်။ ပိုက်ဆံမရှိ တော့ပေမယ့် မှတ်ပုံတင် ကျန်နေတာ။ အဲဒါနဲ့ နှစ်ခုဖြစ်နေတယ်။ မှတ်ပုံတင်နံပါတ်တူတယ်။ ဖျက်ဖို့လို သေးလား မသိဘူး” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်တွင် လဝက ရုံးများ၌ ဖြည့်သွင်းထားသော အချက်အလက်များ မှားယွင်းမှု ရှိနေခြင်းနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် နေရပ်မပြန်နိုင်ခြင်း စသည့် အခြေအနေများကြောင့် ပြည်သူများအနေဖြင့် မှတ်ပုံတင် ပြုလုပ်ခြင်းနှင့် UID စမတ်ကတ် ပြုလုပ်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း မြန်မာ-ထိုင်း နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရာ၌ မြန်မာစကား မပြောတတ်သော တရုတ်နိုင်ငံသားများက မြန်မာမှတ်ပုံတင်ကတ်များ ကိုင်ဆောင်ထား ကြောင်း တွေ့ရှိခဲ့ရသည်။
ယခု သတ်မှတ်ချက်အရ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းတွင် နောက်ဆုံးထုတ်ယူထားသည့် စာရင်းကိုသာ အတည်ပြု၍ ယခင်စာရင်းကို အလိုအလျောက် ပယ်ဖျက်မည် ဖြစ်ရာ ယခင်မှတ်ပုံတင်နံပါတ်ဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ထားသူများ၊ ပိုင်ဆိုင်မှု အမည်ပေါက် ပြုလုပ်ထားသူများနှင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအနေဖြင့် အချက်အလက် ကွဲလွဲမှု ဖြစ်ပေါ်နိုင်၍ ကြိုတင်စိစစ် ဆောင်ရွက်ထားရန် လိုအပ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်