ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၄၃ ဦးကို အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀မိနစ်ခန့်က နတ်မြစ်အတွင်းရှိ နှစ်နိုင်ငံနယ်စပ်တစ်နေရာတွင် အာရက္ခတပ်တော် (AA) မှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တာဝန်ရှိသူများထံ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ပြန်လည်လွှဲပြောင်းပေးအပ်လိုက်သူများထဲတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား အရွယ်မရောက်သေးသူ ကလေးငယ် ၁၀ ဦး ပါဝင်နေပြီး အသက်အကြီးဆုံးအဖြစ် အသက် ၆၅ နှစ်အရွယ် ငါးဖမ်းသမားတစ်ဦးလည်း ပါဝင်သည်။

အဆိုပါ ငါးဖမ်းသမား ၄၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်နှင့်၂၀၂၆ ခုနှစ်အတွင်း မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနှင့် အင်းဒင်ကမ်းရိုးတန်းတစ်လျှောက်ရှိ ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်ငါးဖမ်းစဉ် အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။
ဖမ်းဆီးရမိပြီးနောက် ၎င်းတို့အား သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပြီး ယခုအခါ မိခင်နိုင်ငံအာဏာပိုင်များထံ ပြန်လည်အပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၄ဦးကို AAက BGB များထံလွှဲပြောင်း ပေးအပ်ခဲ့သေးသည်။
ဓာတ်ပုံ- APM
ပုံစာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို AAလွှဲပြောင်းပေးနေစဉ်