ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် နှစ်ပေါင်း ၁၅ နှစ်ကြာစားဖိုးမှူးတာဝန်ယူ‌ ပေးခဲ့သည့် ဦးမြင့်စိုး (ခ) ဖိုးလေးသည် ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ကွယ်လွန်သွားကြောင်းသတင်းရရှိသည်။

 

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ်ရှိ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဦးဆောင်ဖွင့်လှစ်ထားသော ဆည်းဆာရိပ်ဘိုးဘွားရိပ်သာတွင်နေထိုင်ကာ ဆေးကုသမှုခံယူ‌နေသူဖြစ်သည်။

 

ကွယ်လွန်ချိန်တွင် အသက်(၇၅)နှစ်အရွယ်ရှိ ဖိုးလေးသည် လူထုခေါင်းဆောင်ကြိုက်နှစ်သက်သောအစားအစာများကို ချက်ပြုတ်ပေးတတ်ပြီး လိုအပ်သောပစ္စည်းများကိုတာဝန်ယူဝယ်ယူပေးရသူဖြစ်ကြောင်းသိရသည်။

ခြံအမှတ် (၅၄) တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကျယ်အချုပ်ချနေသော ကာလအတွင်း ဖိုးလေးက စားနပ်ရိက္ခာပိုင်းတာဝန်ယူထားပြီး ပြန်လည်လွှတ်မြောက်ချိန်တွင်နေရာမယူဘဲ တိတ်ဆိတ်စွာနေထိုင်သူဖြစ်ကြောင်းသိရသည်။

 

“ ဖိုးလေးက အန်တီ့အကြိုက်တွေသိပြီးအပင်ပန်းခံအနွံတာခံပြီးနိုင်ငံတာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ နာမည်ကြီးဖို့ နေရာရဖို့ ပေါ်ပင်နေခဲ့သူမဟုတ်ပါဘူး။ အမြဲတမ်းသာမန်ပုံစံလေးနဲ့နေပါတယ်” ဟု နေရီရီက ရေးသားထားသည်။

 

ဦးမြင့်စိုး (ခ) ဖိုးလေးသည် အလောင်အမည် မိုဃ်းလင်းဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံ နှစ်ပေါင်းများစွာ ရိက္ခာပစ္စည်းများပို့ဆောင်ပေးသည့်အဖြစ်အပျက်များကိုရေးသားထားသော ကျုပ်အစ်မ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြရဦးမယ် နှင့် အခြားဆောင်းပါးစာအုပ်၊ ကျုပ်အစ်မ အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဆောင်းပါးများစာအုပ်ကိုရေးသားခဲ့သည်။

 

ဓာတ်ပုံ – လူမှူကွန်ရက်