ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

နိုဝင်ဘာလ ၂၆ ရက်က တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အနီး ထိုင်းလေပိုင်နက်ဘက် ဦးတည်လာတဲ့ အမည်မသိ လေယာဉ်တစ်စင်းကို တွေ့ရှိခဲ့လို့ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်နှစ်စင်းကို အရေးပေါ် စေလွှတ်ခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၅ မိနစ်လောက်မှာ အမြင့်ပေ ၁၁,၀၀၀ ဝန်းကျင်ကနေ နယ်စပ်ဘက် ချဉ်းကပ်လာတဲ့ အဲဒီလေယာဉ်ကို လေကြောင်းစစ်ဆင်ရေး ထိန်းချုပ်မှုစင်တာက ထောက်လှမ်းတွေ့ရှိခဲ့တာပါ။

အဲဒီလေယာဉ် ထိုင်းလေပိုင်နက်ထဲ ကျော်ဝင်လာသလား၊ လေယာဉ်မှူးတွေက ဘယ်လေယာဉ်ဆိုတာ အတည်ပြုနိုင်ခဲ့သလား ဆိုတာကိုတော့ လေတပ်ပြောရေးဆိုခွင့်ရှိသူရုံးက မထုတ်ပြန်ပါဘူး။

ထိုင်းလေတပ်က Fighter Type 19 လို့ သတ်မှတ်ထားတဲ့ အဲဒီ F-16 တိုက်လေယာဉ် နှစ်စင်းဟာ နခွန်ဆဝမ်ခရိုင်၊ တာ့ခ်လီမြို့နယ်က အမှတ် ၄ လေတပ်စခန်းကနေ ပျံတက်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ နယ်စပ်တစ်လျှောက်က ပြည်သူတွေနဲ့ အိုးအိမ်ပစ္စည်းတွေကို စောင့်ရှောက်ဖို့ လေကြောင်းရန်ကာကွယ်ရေး လုပ်ထုံးလုပ်နည်းအရ ကြားဖြတ်စစ်ဆေးခိုင်းခဲ့တာလို့ ထိုင်းလေတပ်က ဆိုပါတယ်။

ဖုတ်ဖရမြို့နယ်နဲ့ အနီးဝန်းကျင်က ဒေသခံတွေ စိုးရိမ်စရာ မလိုဘဲ ထိုင်းလေပိုင်နက်ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ထိုင်းလေတပ်က အာမခံထားပါတယ်။

အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ဘယ်အခြေအနေကိုမဆို ချက်ချင်း တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း ထိုင်းလေတပ်က ထုတ်ပြန်ပါတယ်။

နောက်ဆက်တွဲ အခြေအနေတွေ ရှိလာရင် ဆက်လက်ထုတ်ပြန်မယ်လို့ ထိုင်းလေတပ် ပြောရေးဆိုခွင့်ရှိသူရုံးက ပြောပါတယ်။

News: The Nation
Ref; Thai air force scrambles two F-16s as unidentified aircraft nears Tak border on 26 Nov