ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျားဗားပြည်နယ်က တရားမဝင် ရွှေတွင်းထဲ ပိတ်မိနေတဲ့ အလုပ်သမား ၁၃ ဦးကို နိုဝင်ဘာ ၂၆ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ပြန်ရှာဖွေနေပြီး ၁၃ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။
နိုဝင်ဘာ ၂၃ ရက်က ဂျကာတာတောင်ဘက် ဘိုဂေါဒေသက မိုင်းတွင်းထဲကို အလုပ်သမား ၂၆ ဦး ဆင်းသွားခဲ့ပြီး မိုးသည်းထန်မှုကြောင့် ရေလျှံကာ မြေအောက် မီတာ ၁၀၀ မှာ ပိတ်မိခဲ့တာပါ။
သေဆုံးသူ ၁၃ ဦးထဲက ခြောက်ဦးကို မည်သူမည်ဝါဖော်ထုတ်ထားပြီး ရာသီဥတု ဆိုးရွားမှု မရှိရင် နိုဝင်ဘာ ၂၆ ရက်မှာ ဆက်ရှာမယ်လို့ အနောက်ဂျားဗား ရဲချုပ် ဟန်ကီက ပြောပါတယ်။
ရွှေတွင်းထဲက ကျဉ်းမြောင်းပြီး ချောကျိကျိနဲ့ မှောင်မည်းနေတဲ့ အခြေအနေတွေကြောင့် ဝင်ရောက်ဖို့ ပိုခက်ခဲနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က တွင်းဝနှစ်ခုကို အဓိကထားပြီး ကြိုးတွေနဲ့ ဆင်းရှာနေပေမဲ့ မီတာ ၁၀၀ အနက်ကြောင့် ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ဝေးလံခေါင်ဖျားဒေသတွေမှာ ထိန်းချုပ်ရခက်တဲ့ အခြေအနေနဲ့ လုပ်ကိုင်နေတဲ့ အသေးစားနဲ့ တရားမဝင် မိုင်းတူးမှုတွေကြောင့် မတော်တဆမှုတွေ မကြာခဏ ဖြစ်နေတာပါ။
ဇန်နဝါရီလအတွင်း ဒီဒေသထဲက တရားမဝင် ရွှေတွင်းတစ်ခုမှာပဲ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး မိုင်းလုပ်သားတချို့ သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ လုပ်ငန်းလုပ်နေတဲ့ နိုင်ငံပိုင် မိုင်းတွင်းကုမ္ပဏီ Antam က ဒီဖြစ်စဉ်ဟာ ခွင့်ပြုချက်မဲ့ ရွှေတွင်းမှာ ဖြစ်တာဖြစ်ပြီး သူတို့လုပ်ငန်းနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။
News: Reuters
Ref; Indonesian rescuers resume search for 13 trapped in illegal mine; 13 others confirmed dead