ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ရွေးတုအစိုးရ၏စစ်တပ်က တိုက်လေယာဉ်အသုံးပြုပြီး ပေါင် ၅၀၀ ပြင်းအားဗုံးလေးလုံးကြဲမှု၊ ကပစ (၈)ကနေ လက်နက်ကြီး ၁၂ လုံးပစ်ခတ်မှုအပါအဝင် အသေခံဒရုန်း ၁၂ စီးအသုံးပြုပြီးဘက်ပေါင်းစုံတိုက်ခိုက်မှုကြောင့် ဆင်ပေါင်ဝဲတွင် ကလေးသူငယ်နှင့် ပြည်သူ ၂၀ ဦးသေဆုံးကာ ပြည်သူများကို ကူညီပေးခဲ့သည့် တော်လှန်ရေးရဲဘော် ကိုး ဦးကျဆုံးသွားကြောင်း မကွေးဖက်ဒရယ်ယူနစ်က ယနေ့ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၆ ရက်တွင် မကွေးဖက်ဒရယ်ယူနစ်၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများပါဝင်ကာ မြန်မာရိုးရာဓလေ့အလှူပွဲကျင်းပနေချိန်တွင် စစ်တပ်က ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက်သေဆုံးစေရန်ရည်ရွယ်တိုက်ခိုက်ကြောင်းသိရသည်။

အဆိုပါဘက်ပေါင်းစုံမှတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၄ ဦး၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား တစ်ဦးစုစုပေါင်း ၂၁ ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံ ၄၀၀ နီးပါးဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းထုတ်ပြန်ထားသည်။
ထို့ပြင် ဒဏ်ရာရသူများကို ဆေးကုသရန်သယ်ဆောင်ရွှေ့ပြောင်းနေချိန်တွင်လည်း လက်နက်ကြီးပစ်ခတ်ခြင်း၊ အသေခံဒရုန်းများဖြင့်တိုက်ခိုက်ခြင်းတို့ဆက်လက်လုပ်ဆောင်သဖြင့် ကူညီကယ်ဆယ်ရေးများနှောင့်နှေးရပြီး ယခုထက်ပို၍ သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း ဖက်ဒရယ်ယူနစ်ထုတ်ပြန်သည်။

နိုင်ငံတဝန်းစစ်ရေးနှင့် နိုင်ငံရေးအရအဘက်ဘက်မှပြိုလဲနေချိန်တွင် စစ်တပ်သည် နိုင်ငံတကာဥပဒေအရအထူးအကာအကွယ်ပေးထားသော စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများကို စစ်ရေးပစ်မှတ်ထားပြီးအင်အားသုံးတိုက်ခိုက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် ကလေးအခွင့်အရေးဆိုင်ရာသဘောတူညီချက်များကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ကြောင်းပါဝင်သည်။
ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လေယာဉ်ဆီ၊ လက်နက်ခဲယမ်း၊ ဒရုန်းနှင့် စစ်ဘက်နည်းပညာထောက်ပံ့မှုလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ပေးရန်ထပ်မံတောင်းဆိုလိုက်သည်။
စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အောက်တိုဘာလကုန်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၆,၆၅၃ ခု၊ အကြိမ်ရေ ၁၅,၃၂၇ ကြိမ်ကျူးလွန်ခဲ့ပြီး ကလေးငယ် ၈၅၃ ဦးအပါအဝင် အရပ်သားပြည်သူ ၆,၄၆၇ ဦးသေဆုံးရကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်