‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂၈ ရက်

 

‎​ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ လူနေရပ်ကွက်အတွင်းသို့ ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ခြောက်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
‎​

ယနေ့ နိုဝင်ဘာ ၂၈ရက် ညနေ လေးနာရီဝန်းကျင်အချိန်ခန့်က စစ်တပ်၏ ဂျက်ဖိုက်တာလေယာဉ်ဖြင့် မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက် (ရဲမနိုင်စု) အတွင်းသို့ ဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးထိခိုက်ခဲ့ရသည့်အပြင် လူနေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။
‎

“လတ်တလော သေဆုံး ခြောက်ဦးဆိုပေမယ့် အခုထပ်ကြားတာက သေသူ ထပ်တိုးနေတယ် ၁၀ဦးလောက်ရှိပြီ ပြောတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎​

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ဝီရဌာနီရှိ နန်းတက်ကျွန်းကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် အရပ်သား သေဆုံးပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
‎​

ထို့အပြင် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တည်းအတွင်းမှာပင် စစ်တပ်သည် ရခိုင်ပြည်နယ်အပြင် ကရင်နီပြည်နယ်ရှိ မိုးဗြဲနှင့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့တို့ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ကရင်နီပြည်နယ်တစ်ခုတည်းတွင်ပင် သေဆုံးသူ ၂၀ကျော်ပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ခန့် ရှိနေသည်။
‎

ဓာတ်ပုံ-ဝေဟင်အောင်
‎ပုံစာ- မြောက်ဦးဗုံးကြဲခံရစဉ်