ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ်နှင့် မော်ချီးဒေသကို ရွေးတုအစိုးရလက်အောက်ခံစစ်တပ်က ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ဒေသခံအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
မိုးဗြဲမြို့နယ်အနောက်ခြမ်းတစ်နေရာရှိ မင်္ဂလာပွဲကျင်းပရန်ပြင်ဆင်ကာ ကျွေးမွေးရန်ချက်ပြုတ်နေသည့်နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ဒေသခံ ၂၁ ဦးသေဆုံးပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးစာရင်းက လက်ရှိ (၂၁) ဦးရှိပြီး ထိခိုက်ဒဏ်ရာရ ဆေးရုံရောက်တာက (၄၀) ကျော်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးရုံ၊ ဆေးခန်းတွေက အခမဲ့နီးပါး ကုသပေးနေကြပါတယ်။ ကုသရေးအတွက် လိုအပ်တာတွေ ရှိသေးရင် ကျနော်တို့ တတ်နိုင်သလောက် ဆက်ပြီး ကူညီပေးပါဦးမယ်” ဟု Clean Yangon အဖွဲ့အစည်းက ၎င်းတို့လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖာ်ပြထားသည်။
အလားတူ မော်ချီးဒေသသို့လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုမူ သိရခြင်းမရှိသေးပေ။
စစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကတိုက်နေသည့်ကလေးငယ်များအပါဝင် ၃၀ ဦး ဝန်းကျင်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်