ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

 

ရွေးတုအစိုးရကကော်ဖီမြို့တော်အဖြစ်ပုံဖော်နေသော ပြင်ဦးလွင်မြို့ရှိ ကော်ဖီစီမံကိန်းဧရိယာအတွင်း ကော်ဖီလုံးဝစိုက်ပျိုးထားခြင်းမရှိသော မြေဧက ၄,၅၀၀ ကျော် စစ်ဆေးတွေ့ရှိရပြီး ထပ်မံစစ်ဆေးချိန်၌ ကော်ဖီပင်မဖြစ်ပါက မြေပြန်သိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ပြီးခဲ့သည့်အောက်တိုဘာလမှ နိုဝင်ဘာလအထိ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးရာတွင် ယင်းကဲ့သို့တွေ့ရှိခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

 

ပြင်ဦးလွင်မြို့ရှိ ကော်ဖီစီမံကိန်းဧရိယာအတွင်းမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုရာခိုင်နှုန်း အခြေအနေနှင့် ကော်ဖီစိုက်ပျိုးခြင်း ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးရာတွင် ကော်ဖီလုံးဝမစိုက်သည့်ဧရိယာဧက ၄၅၀၀ ရှိပြီး ကော်ဖီစိုက်ပျိုးမှုအမျိုးအစားသုံးမျိုးခွဲခြားပြီး ကောင်းသည့်ဧက ၃၂၀၀ ခန့် ၊ သင့်သည့် ဧက ၁၉၀၀ ခန့်၊ ညံ့သည့် ဧက ၁၈၀၀ ကျော်တွေ့ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ကော်ဖီပင်များ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းရမည်ဖြစ်ပြီး ထပ်မံကွင်းဆင်းစစ်ဆေးရာတွင် ကော်ဖီပင်ဖြစ်ထွန်းခြင်းမရှိပါက စာချုပ်ပါ စည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့်ရုပ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။

 

“ဒီနှစ်ပိုင်းကော်ဖီခြံတွေကော ကော်ဖီဆိုင်တွေပါပြင်ဦးလွင်မှာဖွင့်လာတာမနည်ဘူး။ ပြင်ဦးလွင်က ကော်ဖီယဉ်ကျေးမှုဖြစ်နေပြီ။ ဆိုင်တွေမနည်းဘူး။ အရင်နှစ်တုန်းက စိုက်ပျိုးရေးရဲ့ ကော်ဖီစိုက်ဝင်းကို မင်းအောင်လှိုင် အောင်ပြည့်စုံကယူပြီးတော့ ပြင်ဦးလွင်ကော်ဖီဥယျာဉ်ဆိုပြီးလုပ်ထားတယ်။ သွားတဲ့သူတွေ သိပ်မတွေ့ဘူး။ မြို့ရှောင်လမ်းဘေးမှာ ကော်ဖီခြံတွေအများကြီးတွေ့တယ်။ လုပ်ငန်းအခြေအနေတော့မသိဘူး” ဟု ပြင်ဦးလွင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

 

အဆိုပါစစ်ဆေးချက်အရ ရောင်းခွန်ဝယ်ခွန်များ ပေးဆောင်ခြင်းမရှိသည့် လုပ်ငန်းရှင် ၅၆ ဦးနှင့် မြေဧရိယာအပြည့် မစိုက်ပျိုးသည့် လုပ်ငန်းရှင် ၁၁ ဦးတို့ကို သတိပေးထားကြောင်းသိရသည်။

 

ပြင်ဦးလွင် ကော်ဖီစီမံကိန်းအရ မြေလွတ် မြေလပ် မြေရိုင်းမြေနှင့် သစ်တောမြေများတွင် ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ကို စာချုပ်ပါ စည်းကမ်းနှင့်အညီ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ရာ အချို့လုပ်ငန်းရှင်များက ယင်းလုပ်ကိုင်ခွင့်ကိုရယူပြီး အရောင်းအဝယ်ပြုလုပ်ကြသည်ကိုတွေ့ရကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းချသည့် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင်ပါဝင်နေပြီး ကော်ဖီစိုက်ပျိုးသည့် ဧရိယာစုစုပေါင်း ၆၈၉၉၄ ဧကခန့်ရှိသည့်အနက် ကော်ဖီထုတ်လုပ်မှုဧရိယာမှာ ၃၄၅၆၃ ဧကခန့် ရှိကြောင်းသိရသည်။

 

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး ကော်ဖီစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၀၀၀၀ ခန့် ဖြစ်ပြီး ကော်ဖီမှပို့ကုန်ဝင်ငွေရရှိရန်ရွေးတုအစိုးရကြိုးစားလျက်ရှိသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်