ဆောင်းပါးရှင် – TBR Commentary
နိုဝင်ဘာ ၂၈ ရက်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တုန်းက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် ပြောသွားတဲ့ နိုင်ငံတော်မူဝါဒနဲ့ လက်ရှိအခြေအနေဆိုင်ရာ မိန့်ခွန်းဟာ ဒီကနေ့ မြန်မာ့စီးပွားရေးကို ဘယ်လိုပုံစံနဲ့ ကိုင်တွယ်နေလဲဆိုတာ ထင်ဟပ်ပြနေပါတယ်။


အဲဒီမိန့်ခွန်းထဲက အချက်အလက်တွေကို ၂၀၂၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) နဲ့ နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ (IFPRI) တို့ရဲ့ လွတ်လပ်တဲ့ အစီရင်ခံစာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အဓိကကွာဟချက်တခုကို ထင်ထင်ရှားရှား တွေ့ရပါတယ်။

မိန့်ခွန်းထဲမှာတော့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပြင်ပအခြေအနေတွေကို ထည့်သွင်းပြောဆိုထားပေမဲ့၊ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ မြန်မာ့စီးပွားရေးကျဆင်းနေရတာဟာ အဲဒီအကြောင်းတရားတွေကြောင့်တင်မဟုတ်ဘဲ၊ စနစ်တကျချိတ်ဆက်ထားတဲ့ စီးပွားရေးမူဝါဒအားနည်းမှုနဲ့ မရေရာတဲ့ စီမံခန့်ခွဲမှုပုံစံတွေကြောင့် ဖြစ်နေတယ်ဆိုတာ တွေ့ရပါလတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာဆိုရင် လက်ရှိ မြန်မာ့စီးပွားရေးဝန်းကျင်ကို “စည်းမျဉ်းစနစ်ကနေ မရေရာမှုဆီသို့ (From Rules to Uncertainty)” လို့ အတိအလင်း နာမည်တပ် ဖော်ပြထားပါတယ်။

ဥပမာပြောရရင် ဘောလုံးပွဲတစ်ပွဲကန်နေချိန်မှာ ဒိုင်လူကြီးက ၅ မိနစ်တခါ စည်းကမ်းတွေကို စိတ်ထင်ရာ ပြောင်းပစ်နေမယ်ဆိုရင် ဘယ်ကစားသမားကမှ ဂိုးသွင်းဖို့ တိုက်စစ်ဆင်ရဲမှာ မဟုတ်ပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အဓိကအတားအဆီးကလည်း ဥပဒေစာအုပ်ပေါ်က စည်းမျဉ်းတွေ အားနည်းနေတာထက်၊ လက်တွေ့မှာ မူဝါဒချိတ်ဆက်မှုမရှိဘဲ ငွေလဲနှုန်း၊ ကုန်သွယ်ခွင့်၊ စက်သုံးဆီနဲ့ အခွန်စည်းကြပ်မှုတွေကို ရုတ်တရက် ပြောင်းလဲထိန်းချုပ်နေတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေဟာ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဖို့နဲ့ ကုန်ထုတ်စွမ်းအား မြှင့်တင်ဖို့ထက် ကိုယ့်လုပ်ငန်း မပြိုလဲရုံ ခံစစ်ကစားပြီး အသက်ဆက်နေရတဲ့ အခြေအနေကို ရောက်နေကြတာပါ။

ဒီဆောင်းပါးမှာတော့ မိန့်ခွန်းထဲက အကြောင်းအရာအားလုံးကို တချက်ချင်း လိုက်ချေပနေမှာ မဟုတ်ပါဘူး။ ၂၀၂၆ ခုနှစ် နိုဝင်ဘာလအထိ နောက်ဆုံးရခိုင်မာတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး အသေးစိတ် ခွဲခြမ်းစိတ်ဖြာ တင်ပြသွားမှာ ဖြစ်ပါတယ်။

၁။ ကိန်းဂဏန်း မျက်လှည့်နဲ့ ငွေလဲနှုန်း လှည့်ကွက်

လက်ရှိမြန်မာ့စီးပွားရေးသာ ရောဂါတခုဆို အဲဒီရောဂါကို မှန်မှန်ကန်ကန် ကုသဖို့ ဦးစွာပထမ ရောဂါအခြေအနေကို ပကတိအတိုင်း အရင်လက်ခံဖို့ လိုပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၁၈ ရက် လွှတ်တော်မိန့်ခွန်းမှာတော့ မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် မြန်မာ့စီးပွားရေး (GDP) ဟာ ဒေါ်လာ ၈၃ ဘီလီယံကျော် ရှိပြီး အာဆီယံမှာ အဆင့် (၇) ရှိနေတယ်၊ ဒီနှစ်မှာ ၉၈ ဘီလီယံအထိ ရည်မှန်းထားတယ်လို့ ပြောသွားပါတယ်။

ကြားလိုက်ရင်တော့ မဆိုးဘူးလို့ ထင်စရာပါ။ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေ ဘယ်လိုထွက်လာလဲ ကြည့်လိုက်ရင် လက်တွေ့နဲ့ အများကြီး ကွာဟနေတာကို တွေ့ရပါတယ်။

ပထမအချက်က “ပေါင်ချိန်စက် မှားနေတဲ့” ငွေလဲနှုန်းပါ။ မိန့်ခွန်းထဲမှာ မင်းအောင်လှိုင်ကိုယ်တိုင်ဝန်ခံထားသလိုပဲ ဒီ GDP ကို ဗဟိုဘဏ်ရဲ့စာရွက်ပေါ်က ဈေးဖြစ်တဲ့ တဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ တွက်ထားတာပါ။ ဒါပေမဲ့ လက်တွေ့အပြင်မှာ ဘယ်သူမှ ဒေါ်လာကို ၂,၁၀၀ နဲ့ ဝယ်လို့မရပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ဇွန်လ အစီရင်ခံစာအရ အပြင်ပေါက်ဈေးက ၄,၂၀၀ ကျော်အထိ ရှိနေပါတယ်။

ဥပမာပြောရရင် ကိုယ့်မှာရှိတဲ့ကျပ်ငွေကို ဟိုးအရင်ဈေးဟောင်းနဲ့ ပြန်တွက်ပြီး “ငါ ချမ်းသာနေတုန်းပဲ” လို့ ပြောနေသလိုပါပဲ။ တကယ့် အပြင်ပေါက်ဈေးနဲ့ ပြန်တွက်လိုက်မယ်ဆိုရင် မြန်မာ့စီးပွားရေးအရွယ်အစားဟာ ဒေါ်လာ ၈၃ ဘီလီယံ မဟုတ်ဘဲ ဒေါ်လာ ၄၀ ဘီလီယံ ဝန်းကျင် (တဝက်လောက်)ပဲ ကျန်ပါတော့တယ်။ ဒါဟာ မိန့်ခွန်းထဲမှာ သူကိုယ်တိုင် နှိုင်းယှဉ်ပြောသွားတဲ့ ကမ္ဘောဒီးယားနိုင်ငံ (ဒေါ်လာ ၄၉ ဘီလီယံကျော်) ထက်တောင် အောက်ရောက်နေတာ ဖြစ်ပါတယ်။

ဒုတိယအချက်က “လစာတိုးပေမယ့် ပိုမွဲသွားတဲ့” ငွေဖောင်းပွမှု ပြဿနာပါ။ ဒီနှစ်မှာ GDP ကို ဒေါ်လာ ၉၈ ဘီလီယံအထိ မှန်းထားတယ်ဆိုတာ မနှစ်ကထက် ကျပ်ငွေပမာဏ ၁၈ ရာခိုင်နှုန်းနီးပါး တိုးလာဖို့ မှန်းထားတာပါ။ ဒါကို စီးပွားရေးတိုးတက်တယ်လို့ ယူဆလို့ မရပါဘူး။

ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ခင်ဗျားရဲ့ လစာက တနှစ်အတွင်း ၁၈ ရာခိုင်နှုန်း တိုးလာပေမယ့်၊ အပြင်မှာ ဆန်ဈေး၊ ဆီဈေးတွေက ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ တက်သွားတယ်ဆိုရင် ခင်ဗျား ပိုအဆင်ပြေလာတာလား၊ ပိုကျပ်တည်းသွားတာလား။ ရှင်းပါတယ်၊ ပိုကျပ်တည်းသွားတာပါ။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းတက်နှုန်းက ၂၀ ကနေ ၂၅ ရာခိုင်နှုန်းကြား ရှိနေပြီး၊ တကယ့်စီးပွားရေးက တိုးတက်နေတာမဟုတ်ဘဲ ၂ ရာခိုင်နှုန်းကျော် ကျုံ့့ဝင်နေတယ်လို့ အတည်ပြုထားပါတယ်။ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးကြောင့် နည်းနည်းပြန်တက်နိုင်ခြေရှိတယ်ဆိုပေမဲ့ အခြေအနေမတည်ငြိမ်ရင် ထပ်ပြိုကျနိုင်တဲ့အန္တရာယ် ကြီးမားနေဆဲလို့ သူတို့က သတိပေးထားပါတယ်။

တတိယအချက်က “ဘဏ်က ငွေမချေးတော့လို့ အကြွေးလျော့သွားတဲ့” ပြည်ပကြွေးမြီ ကိစ္စပါ။ မိန့်ခွန်းထဲမှာ မင်းအောင်လှိုင်က အရင်အစိုးရတွေလက်ထက်မှာ ပြည်ပအကြွေးတွေတင်ခဲ့ပေမယ့် သူတို့လက်ထက်မှာ ပြည်ပချေးငွေမယူဘဲ အကြွေးကို ဒေါ်လာ ၈.၅ဘီလီယံအထိ လျှော့ချနိုင်ခဲ့တယ်လို့ ဂုဏ်ယူပြောသွားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ နိုဝင်ဘာ စာရင်းအရလည်း ပြည်ပကြွေးမြီ လျော့ကျသွားတာတော့ မှန်ပါတယ်။

ဒါပေမဲ့ ဒါဟာ စီးပွားရေးကောင်းလို့ အကြွေးဆပ်နိုင်တာ မဟုတ်ပါဘူး။ ဥပမာ—လူတယောက်က “ငါ ဘဏ်အကြွေးတွေ နည်းသွားပြီ” လို့ ကြွားနေပေမယ့်၊ တကယ်တမ်းက သူ့ကို ဘဏ်က မယုံတော့လို့ နောက်ထပ် ငွေမချေးတော့တာမျိုးပါ။ ၂၀၂၁ နောက်ပိုင်း ကမ္ဘာ့ဘဏ်နဲ့ ADBတို့က ချေးငွေအသစ်တွေ ရပ်ဆိုင်းထားပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း ၉၀ ရာခိုင်နှုန်းကျော်အထိ ပြုတ်ကျသွားပါတယ်။

ပြည်ပက အတိုးသက်သာတဲ့ချေးငွေတွေ မရတော့တဲ့အခါ အစိုးရဟာ ပြည်တွင်းဘဏ်တွေဆီကနေပဲ ငွေတွေပြန်ချေးပြီး အသုံးစရိတ်ကို ဖြည့်နေရပါတယ်။ ရလဒ်အနေနဲ့ ပြည်ပအကြွေးနည်းသွားပေမယ့် ပြည်တွင်းအကြွေးတွေ တောင်လိုပုံလာပြီး၊ ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုအရ အစိုးရရဲ့စုစုပေါင်းအကြွေးဟာ တိုင်းပြည်စီးပွားရေး(GDP)ရဲ့ ၆၀ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာနေပါတယ်။ ပြည်ပအကြွေးလျော့သွားတာကို အောင်မြင်မှုအဖြစ်ပြောနေပေမယ့်၊ တကယ်တမ်းမှာတော့ ပြည်တွင်းစီးပွားရေးနဲ့ ငွေကြေးတန်ဖိုးကို ပိုပြီးဖိစီးစေတဲ့အန္တရာယ်ကို ဖုံးကွယ်ထားသလို ဖြစ်နေတာပါ။

၂။ ကြက်ဥတွက်နည်းနဲ့ တိရစ္ဆာန်အစာကွင်းဆက်ရဲ့ လက်တွေ့ပြဿနာ

နိုဝင်ဘာ ၁၈ ရက် မိန့်ခွန်းမှာ မင်းအောင်လှိုင်က မြို့ပြလူဦးရေ ၁၅ သန်းအတွက် တနေ့ကို ကြက်ဥ ၁၅ သန်းလိုတယ်၊ ဒါကြောင့် ဥစားကြက်ကောင်ရေ သန်း၂၀ကနေ ၂၅သန်းအထိ မွေးဖို့လိုတယ်လို့ အလွယ်တွက်ပြသွားပါတယ်။ ပြီးတော့ ကြက်စာကိုလည်း ပြည်တွင်းက အလွယ်ရတဲ့ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်းဖူးနဲ့ နှမ်းဖတ်၊ ပဲဖတ်တွေနဲ့ ကျွေးသင့်တယ်လို့ ပြောသွားပါတယ်။

ပါးစပ်ကပြောတာတော့ သိပ်လွယ်ပါတယ်။ ဒါပေမဲ့ တကယ့် စီးပွားဖြစ်ကြက်မွေးမြူရေးရဲ့ လက်တွေ့ဘဝမှာတော့ ဒီတွက်နည်းက အခြေခံအချက် ၃ ချက်ကို လုံးဝမေ့ထားသလို ဖြစ်နေပါတယ်။

ပထမအချက်က “၅ လလုံး ဝင်ငွေမရဘဲ စိုက်ထုတ်နေရတဲ့” အရင်းအနှီး ပြဿနာပါ။ ဆိုကြပါစို့။ ဆိုင်တဆိုင် ဖွင့်မယ်ဆိုရင် ၅ လလုံးလုံး ဈေးတပြားဖိုးမှ မရောင်းရဘဲ ဆိုင်ခန်းခ၊ မီးဖိုးနဲ့ ဝန်ထမ်းလစာတွေချည်း စိုက်ထုတ်နေရမယ်၊ ပြီးတော့ ဆိုင်ဖွင့်ခါနီးမှာ ကိုယ်ဝယ်ထားတဲ့ ပစ္စည်း ၅ ခုမှာ ၁ ခုလောက်က ပျက်စီးသွားမယ်ဆိုရင် ဘယ်သူက အလွယ်တကူ ရင်းနှီးရဲမှာလဲ။

ဥစားကြက်မွေးတာလည်း အဲဒီအတိုင်းပါပဲ။ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ စံနှုန်းအရ ကြက်ပေါက်လေးကနေ ပထမဆုံးကြက်ဥ စဥတဲ့အထိ ၅ လနီးပါး စောင့်ရပါတယ်။ အဲဒီ ၅ လလုံး ဝင်ငွေမရဘဲ အစာဖိုး၊ ဆေးဖိုး၊ မီးဖိုးတွေ စိုက်ကျွေးနေရတာပါ။ ဒါ့အပြင် တနှစ်ကို ကြက်သေနှုန်းက ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ရှိတတ်လို့ ကြက်အကောင် ၁၀၀ ရဖို့ ၁၂၀ ကျော်လောက် ဝယ်မွေးရပါတယ်။ အခုလိုမီးမမှန်၊ ဆေးဝါးပြတ်လပ်နေချိန်မှာ “ကြက်သန်း ၂၀ တိုးမွေးကြ” လို့ အမိန့်ပေးရုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒုတိယအချက်က “ထမင်းချည်းကျွေးပြီး ချန်ပီယံဖြစ်ခိုင်းသလို” ဖြစ်နေတဲ့ ကြက်စာ ပြဿနာပါ။ အားကစားသမားတယောက်ကို အသားဓာတ်နဲ့ဗီတာမင်တွေ လုံးဝမကျွေးဘဲ ထမင်းဖြူနဲ့ဆားချည်းပဲ ကျွေးပြီး “ရွှေတံဆိပ်ရအောင် ပြေးစမ်း”လို့ ခိုင်းရင် ဖြစ်နိုင်ပါ့မလား။

ခေတ်မီ စီးပွားဖြစ် ကြက်တွေဟာလည်း ဒီသဘောပါပဲ။ ဥနှုန်း ၈၀ ရာခိုင်နှုန်းရဖို့၊ အသားတိုးကြက်တွေ ရက် ၄၅ ရက်အတွင်း ဈေးကွက်ဝင်ဖို့ဆိုရင် ဆန်ကွဲ၊ ဖွဲနုနဲ့ ပြောင်းဖူးချည်း ကျွေးလို့ မရပါဘူး။ ဖွဲနုက အမျှင်ဓာတ်များလွန်းလို့ အများကြီးကျွေးမရသလို၊ နှမ်းဖတ်မှာလည်း လိုအပ်တဲ့ အသားဓာတ် အပြည့်အဝ မပါပါဘူး။ FAO နဲ့ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) တို့ရဲ့ လေ့လာချက်တွေအရ ကြက်စာမှာ ပြည်ပကနေ တင်သွင်းရတဲ့ ပဲပုပ်ဖတ် နဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုက သွင်းကုန်ကန့်သတ်ချက်နဲ့ ဒေါ်လာဈေးကြောင့် အစာစပ်မရတော့ဘဲ ကြက်တွေကို ပြောင်းဖူးသက်သက်၊ ဆန်ကွဲသက်သက် ကျွေးနေရလို့ ထုတ်လုပ်မှုတွေ ကျဆင်းနေတယ်လို့ USDA က ၂၀၂၆ ဧပြီလမှာ အစီရင်ခံထားပါတယ်။

တတိယအချက်က “ကိုယ့်ခြံထဲက ပြောင်းဖူးကို ပြည်ပဈေးနဲ့ ပြန်လုဝယ်နေရတာ” ပါ။ ပြည်တွင်းမှာ ပြောင်းဖူးတွေ ထွက်နေတာပဲ၊ ကြက်ကျွေးပေါ့လို့ ပြောကြပေမယ့်၊ တကယ့်လက်တွေ့က ကိုယ့်ခြံထဲမှာ စိုက်ထားတဲ့ သီးနှံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ဘေးအိမ်က သူဌေးဆီ ရောင်းလိုက်ပြီး၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုမှ ကိုယ့်ထမင်းဝိုင်းအတွက် သူဌေးပေးတဲ့ ဈေးအတိုင်း ပြန်လုဝယ်စားနေရသလိုပါ။

စိုက်ပျိုးရေးဈေးကွက် လေ့လာရေးအဖွဲ့ CropGPT ရဲ့ စာရင်းအရ မြန်မာနိုင်ငံက ထွက်တဲ့ ပြောင်းဖူး ၈၀ ရာခိုင်နှုန်းနီးပါး (တန်ချိန် ၂ သန်းကျော်)ကို ထိုင်းနဲ့တရုတ်နိုင်ငံတွေဆီ တင်ပို့နေရတာပါ။ ပြည်တွင်းမှာ လက်ကျန်နည်းသွားတဲ့အခါ မြန်မာကြက်မွေးမြူသူတွေဟာ ပြည်ပပို့ကုန်ဈေးအတိုင်း အပြိုင်ဝယ်နေရပါတယ်။ ဒီကြားထဲ သွင်းအားစုဈေးကြီးလို့ ၂၀၂၆– ၂၇ မှာ ပြောင်းဖူးအထွက်နှုန်း ၁၀ ရာခိုင်နှုန်း ထပ်ကျဦးမယ်လို့ USDA က ခန့်မှန်းထားပါတယ်။

ဒီလို အခြေခံကွင်းဆက်တွေ ပြတ်တောက်နေတဲ့အတွက်ပဲ ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ကြက်ဥတ လုံးကို ၈၀၀ ကနေ ၁,၀၀၀ ကျပ် (ရခိုင် ကျောက်ဖြူလို ပဋိပက္ခဒေသတွေမှာဆို ၁,၅၀၀ ကျပ်) အထိ စံချိန်တင် ဈေးတက်သွားရတာ ဖြစ်ပါတယ်။

၃။စပါးထုတ်လုပ်မှု ကျဆင်းတာနဲ့ ဖွဲနုဆီ စိတ်ကူးယဉ်မှု

စားသုံးဆီကိစ္စမှာလည်း ဒီသဘောပါပဲ။ နိုဝင်ဘာ ၁၈ ရက် မိန့်ခွန်းထဲမှာ မင်းအောင်လှိုင်က ဆီစက်တွေ အဆင့်မြှင့်ဖို့ ပြောသွားသလို၊ နိုင်ငံမှာထွက်တဲ့ စပါးဖွဲနုရဲ့ တဝက်လောက်ကိုပဲ ဖွဲနုဆီကြိတ်မယ်ဆိုရင် နိုင်ငံရဲ့ ၃ လစာ ဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောသွားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ တနှစ်ကို စားသုံးဆီ တန်ချိန် ၉ သိန်းကျော် သုံးနေရပြီး အများစုဖြစ်တဲ့ တန်ချိန် ၆ သိန်းကျော်ကို ပြည်ပကနေ စားအုန်းဆီ မှာသုံးနေရတာပါ။ ဘာလို့လဲဆိုတော့ ပြည်တွင်းထွက် မြေပဲဆီ၊ နှမ်းဆီတွေက တပိဿာ ၂ သောင်းခွဲကနေ ၃ သောင်းကျော်အထိ ရှိနေပြီး စားအုန်းဆီထက် သုံးလေးဆလောက် ဈေးကြီးနေလို့ အခြေခံလူတန်းစားတွေ မတတ်နိုင်ကြလို့ပါပဲ။

ဒါဆိုရင် ဆန်စပါးပေါတဲ့နိုင်ငံဖြစ်လို့ ဖွဲနုကနေ ဆီထုတ်ပြီး အစားထိုးမယ်ဆိုတာ လက်တွေ့ဖြစ်နိုင်ရဲ့လား။ စက်မှုနည်းပညာနဲ့ ကုန်ကြမ်းပမာဏကို တွက်ကြည့်လိုက်ရင် အဟန့်အတားကြီး နှစ်ခုက ရှေ့မှာ ပိတ်နေပါတယ်။

ပထမအချက်က “နေပူထဲထားတဲ့ နွားနို့လို နာရီပိုင်းအတွင်း အချဉ်ပေါက်သွားတဲ့” ဖွဲနု ပြဿနာပါ။ နွားနို့အစိမ်း ဒါမှမဟုတ် အုန်းနို့ကို ရေခဲသေတ္တာထဲ မထည့်ဘဲ နေပူထဲ ဒီအတိုင်းထားလိုက်ရင် နာရီပိုင်းအတွင်း ချဉ်ပြီး သောက်မရတော့သလိုပါပဲ။ စပါးကြိတ်ပြီးထွက်လာတဲ့ ဖွဲနုဟာလည်း နာရီပိုင်းအတွင်းမှာပဲ သဘာဝအင်ဇိုင်းတွေကြောင့် အချဉ်ဓာတ်တွေ အလျင်အမြန် တက်လာပါတယ်။ အချဉ်ဓာတ် ၅ ရာခိုင်နှုန်းကျော်သွားရင် အဲဒီဖွဲနုကထွက်တဲ့ ဆီဟာ လူစားဖို့ လုံးဝမသင့်တော့ဘဲ ဆပ်ပြာချက်ဖို့ပဲ သုံးလို့ရတော့တာပါ။

ဒါကြောင့် လူစားလို့ရတဲ့ ဖွဲနုဆီထုတ်ချင်ရင် စပါးကြိတ်ပြီးချင်း နာရီပိုင်းအတွင်းမှာပဲ ဖွဲနုကို အပူပြင်းပြင်းနဲ့ ချက်ချင်းပေါင်းပြီး အင်ဇိုင်းသတ်ပေးရတဲ့ စက်ကြီးတွေ၊ ခေတ်မီဆီထုတ်စက်ရုံကြီးတွေ လိုအပ်ပါတယ်။ ရန်ကုန်လိုမြို့ကြီးမှာတောင် တနေ့ ၁၂ နာရီလောက် မီးပျက်နေပြီး၊ နယ်တွေမှာ ဆန်စက်ငယ်လေးတွေ တကွဲတပြား ပြန့်ကျဲနေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုစနစ်ကြီး တည်ဆောက်ဖို့ဆိုတာ လက်တွေ့မှာ အရမ်းခက်ခဲပါတယ်။

ဒုတိယအချက်က “တနိုင်ငံလုံး စပါးအကုန်ကြိတ်တောင် မလောက်တဲ့” တွက်နည်းပါ။ လိမ္မော်သီး ၃ လုံးတည်းကို ဘယ်လောက်ပဲ အားကုန်ညှစ်ညှစ် ရေပုံးတပုံးအပြည့် ဖျော်ရည်ထွက်မလာနိုင်ပါဘူး။ ဖွဲနုဆီတွက်နည်းကလည်း အဲဒီအတိုင်းပါပဲ။ စပါးတတန်ကြိတ်ရင် ဖွဲနု ၈ ရာခိုင်နှုန်းလောက်ပဲ ထွက်ပြီး၊ အဲဒီဖွဲနုကနေ စားသုံးနိုင်တဲ့ ဆီသန့်က ၁၄ ရာခိုင်နှုန်းကျော်လောက်ပဲ ပြန်ရတာပါ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ၃ လစာ ဆီလိုအပ်ချက် တခုတည်းကိုတောင် ဖွဲနုဆီနဲ့ ဖြည့်မယ်ဆိုရင် စပါးကြမ်း တန်ချိန် သန်း ၂၀ နီးပါး ကို တစေ့မှ မလွတ်တမ်း ခေတ်မီစက်ရုံတွေမှာ ကြိတ်မှ ရမှာပါ။ အဲဒီပမာဏဟာ မြန်မာနိုင်ငံ တနှစ်တာလုံး ထွက်သမျှ စပါးပမာဏထက်တောင် ပိုများနေပါသေးတယ်။

နောက်ဆုံးအချက်က လက်တွေ့မြေပြင်က တောင်သူတွေရဲ့ အကျပ်အတည်းပါ။ မိန့်ခွန်းထဲမှာတော့ ၂၀၂၅–၂၆ မှာ ဆန်တန်ချိန် ၂.၈ သန်း တင်ပို့နိုင်ခဲ့တယ်လို့ ပြောပြီး၊ တောင်သူတွေကို မျိုးကောင်းသုံးဖို့၊ မြေဩဇာအပြည့်ထည့်ဖို့၊ ခေတ်မီနည်းစနစ်နဲ့ စိုက်ဖို့ တိုက်တွန်းသွားပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်မှာ ဖြစ်နေတာက တောင်သူတယောက်ကို “မင်း ဖိနပ်မပါဘဲ ဗိုက်ဟောင်းလောင်းနဲ့ ရွှေတံဆိပ်ရအောင် ပြေးစမ်း” လို့ ခိုင်းနေသလိုပါပဲ။ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ရဲ့ ၂၀၂၆ ဧပြီလ အစီရင်ခံစာအရ ဓာတ်ဆီဈေးနဲ့ ဓာတ်မြေဩဇာဈေးတွေ ထိုးတက်နေတဲ့အပြင်၊ ၂၀၂၆ ဩဂုတ်လ ရေကြီးမှုကြောင့် ဧရာဝတီနဲ့ စစ်ကိုင်းမှာ စပါးဧက တသိန်းကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

နိုင်ငံတော်စိုက်ပျိုးရေးဘဏ်က ထုတ်ချေးတဲ့ တဧက ၁ သိန်းခွဲဆိုတာ တကယ့်ကုန်ကျစရိတ်ရဲ့ လေးပုံတပုံလောက်ပဲ ကာမိတော့တာမို့ တောင်သူတွေဟာ အပြင်အတိုးကြီးတွေနဲ့ ငွေချေးပြီး စိုက်ဧကနဲ့ မြေဩဇာကို လျှော့ချနေရပါတယ်။ ဒါကြောင့် ၂၀၂၆–၂၇ မှာ မြန်မာ့စပါးထွက်ရှိမှု ၈ ရာခိုင်နှုန်းလောက် ထပ်ကျမယ် လို့ USDA က ခန့်မှန်းထားပြီး၊ ၂၀၂၆ စက်တင်ဘာလမှာပဲ တနိုင်ငံလုံး ပျမ်းမျှဆန်ဈေးက မနှစ်ကထက် ၂၈ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ရတာ ဖြစ်ပါတယ်။

မူဝါဒမဲ့ “တတ်ယောင်ကား” စီမံခန့်ခွဲမှုကြောင့် ပြည်သူ့စီးပွားရေး အကျပ်အတည်း တွေထပ်ဖြစ်လာမဲ့အကြောင်း ဆောင်းပါးရဲ့အပိုင်း (၂) မှာ ဆက်လက်တင်ပြသွားပါမယ်။