ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ နိုဝင်ဘာ ၂၈ ရက်
မွန်ပြည်နယ်၊ ကျိုက်ထို့မြို့နယ်နှင့် ရွှေကျင်မြို့နယ်အစပ်ရှိ ကျေးရွာများသို့ ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ အင်အား ၁၆၀၀ ကျော်ဖြင့်စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၂၇ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးစဉ်စစ်တပ်က အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ထိုးစစ်ဆင်လာကြောင့် အထူးတိုင်းစစ်ဌာန၏ ရှေ့တန်းကာကင်းစခန်း လေ ခုးကိုစွန့်လွှတ်ခဲ့ရပြီး စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှ လက်နက်အပျက်အစီး အချို့လည်း ဆုံးရှုံးခဲ့ရကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့သည်။

သုံးပါတ်နီးပါးကြာမြင့်သည့် အဆိုပါစစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲများအတွင်း ဗိုလ်ကြီးအဆင့်ရှိ ဇေယျာထက် အပါအဝင် ၁၂ ဦး သေဆုံးကာ နှစ် ဦး အရှင်ဖမ်းမိခဲ့ပြီး စစ်တပ်ဘက်မှပြန်လည်သယ်ယူသွားသည့် အလောင်းများပါဝင်ပါက စုစုပေါင်း ၄၂ ဦး အထိသေဆုံးကာ ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်တပ်ထံမှ Double Cup ကားတစ်စီး၊ MA-1 နှစ်လက်၊ MA-2 တစ်လက်၊ MA-3 တစ်လက်၊ MA-4 တစ်လက်၊ MA-5 တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှ ပါသွားသည့် လက်နက်မျိုးစုံ ၁၁ လက်ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးနေစဉ် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု ၃၅ ကြိမ် ပြုလုပ်ခဲ့ရာ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦးနှင့် ယောက်ျားလေးငယ် တစ် ဦးတို့ သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး၍ အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီး ချောင်းစောက်နှင့် နတ်စင်ရွာတို့မှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးအပါအဝင် ဒေသခံအမျိုးသား ငါး ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကြောင်း ပြန်လည်ဆုတ်ခွာစဉ် လမ်းတစ်လျှောက်ရှိ ကော်ကပ်ခီး၊ ထီးကလာခီး၊ ကော်ကပ်ရွာ၊ ရွာသစ်ရွာ၊ ခမောက်ခွေရွာ၊ နတ်စင်ရွာ၊ ကျောက်ဖျာရွာ၊ မိုးဘောရွာ၊ ကျောက်ပုံတောင်နှင့် ချောင်းစောက်ရွာတို့မှ လူနေအိမ် ၁၉၁ လုံး၊ စာသင်ကျောင်း သုံးလုံး၊ ဒေသဆေးခန်း နှစ်ခု၊ အရပ်သားကား ခြောက်စီးနှင့် ဆိုင်ကယ် ၁၄ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန