ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
နျူကလီးယားဖျက်သိမ်းရေး တောင်းဆိုချက်ကို တုံ့ပြန်မှာမဟုတ်သလို နျူကလီးယားလက်နက် ပိုင်ဆိုင်မှုအတွက် ဘယ်သူ့ခွင့်ပြုချက်မှ မလိုအပ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောပါတယ်။
ကင်ဂျုံအွန်ဟာ ဗုဒ္ဓဟူးနေ့က နျူကလီးယားကုန်ကြမ်းနဲ့ နျူကလီးယားစွမ်းအင်သုံး စက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံးတွေနဲ့ နျူကလီးယားလက်နက် သုတေသနဌာနကို သွားရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန KCTV က ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။
အဲဒီအဆောက်အအုံတွေရဲ့ တည်နေရာ အတိအကျကို ထုတ်မပြောပေမဲ့ ဓာတ်ပုံတစ်ပုံမှာ ယူရေနီယံ သန့်စင်ရေးစက်ရုံထဲ ရောက်နေတဲ့ ကင်ဂျုံအွန်ကို တွေ့ရပြီး နောက်တစ်ပုံမှာ နျူကလီးယားထိပ်ဖူး အများအပြားကို စစ်ဆေးနေတာ တွေ့ရပါတယ်။
နျူကလီးယားလက်နက် သုတေသနဌာနမှာ အဆင့်မြှင့်တင်ထားတဲ့ နျူကလီးယားထိပ်ဖူးတွေနဲ့ တခြားစက်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်ကို ကင်ဂျုံအွန်က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
နျူကလီးယားလက်နက် ထုတ်လုပ်ရေးကဏ္ဍအနေနဲ့ နယ်ပယ်စုံမှာ ရည်ရွယ်ချက် အမျိုးမျိုးအတွက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အသုံးချနိုင်ရေး ဆောင်ရွက်ဖို့ ကင်ဂျုံအွန်က မှာကြားခဲ့ပါတယ်။
ပြင်ပအင်အားစုတွေရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ဖိအားပေးမှုတွေကြောင့် အခုလို နျူကလီးယားလက်နက် ပိုင်ဆိုင်လာရတာလို့ ၎င်းက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဂျုံအွန်နဲ့ ဆွေးနွေးလိုကြောင်း ပြောဆိုနေချိန်မှာ မြောက်ကိုရီးယားက နျူကလီးယားပိုင်ဆိုင်မှုကို အမေရိကန် အသိအမှတ်ပြုလာအောင် ကြိုးပမ်းနေတာလို့ တောင်ကိုရီးယား ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှု တိုးချဲ့နေမှုဟာ ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတွင်း လုံခြုံရေး အခြေအနေတွေအပေါ် သက်ရောက်မှု ရှိနေပါတယ်။
News: NHK World
Ref; North Korea’s Kim: No approval needed for nuclear status