
ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ နိုဝင်ဘာလ ၁၄ ရက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် လူ ၂ ဦးဓား ခုတ်ခံခဲ့ရပြီး ဓားဖြင့်ခုတ်သူမှာလည်း ကိုယ့်လည် ပင်းကိုဓားဖြင့်ပြန်လည်လှီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဓားဖြင့်ခုတ်ခဲ့သူမှာ ပင ရွာမှ ဦးမြင့်ဦး ဆိုသူဖြစ်ပြီး စိတ် ကျဝေဒနာခံစားနေရသူဖြစ်ကာ စိတ်ဖောက် ပြန်နေချိန် အနီးအနားရှိ တရွာထဲနေလူ ၂ ဦးအားဓားဖြင့်ခုတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်လည်း လည်ပင်းအားဓားဖြင့်လှီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဓားဖြင့်ခုတ်ခံရသူများမှာ ပင ရွာ တမံဦးအပိုင်းမှ အမျိုး သား ၁ ဦးနှင့် ပြည်တော်သာအပိုင်းမှအမျိုးသား ၁ ဦးဖြစ်ပြီး ဓားဖြင့်ခုတ်ခဲ့သူ ဦးမြင့်ဦး စိတ်ဖောက်ပြန်ချိန်တွင် ၄င်း၏အနီးနားတွင်ရှိနေသဖြင့်ခုတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
” ဓားနဲ့ခုတ်တာက ဦးမြင့်ဦး အသက်က ၄၂ နှစ်အရွယ်ပေါ့။ သူကအရင်ထဲက စိတ်ကျရောဂါနဲ့ပတ်သက်ပြီးမော်လမြိုင်ဆေးရုံကြီးမှာ ဆေးရုံ တက်ဖူးတယ်။ နည်းနည်းသက်သာလို့ပြန်ဆင်းလာပေမယ့် သူ့မိန်းမကိုလည်း သူအဲ့လိုစိတ်ပြန်ဖောက်လာရင်အနားမနေဖို့ပြောထားတယ်လို့သိရတယ်။ ဖြစ်တဲ့မနေ့က သူ့အနားမှာ ခုတ်ခံရတဲ့ ၂ ယောက်ကရှိနေတာ။ သူတို့ ၂ ယောက်ကိုခုတ်ပြီး သူ့ကိုယ်သူလည်းပြန်လှီးတာ” ဟု ဒေသအခြေစိုက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ဓားဖြင့်ခုတ်ခံရသည့် ပငရွာသား ၂ ဦးမှာ လည်ပင်းနှင့်ဇာတ်ပိုးတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ၎င်းကိုယ်တိုင်လည်း လည်ပင်းနှင့်အခြားနေရာများအားဓားဖြင့်လှီးခဲ့သည့်အတွက် အပြင်းအထန်ဒဏ်ရာရခဲ့ကာ ၄င်းတို့ ၃ ဦးလုံးအား သံဖြူဇရပ်ဆေးရုံသို့ပို့ဆောင်ခဲ့ရာမှ ဒဏ်ရာပြင်းထန်သဖြင့် မော်လမြိုင်ဆေးရုံသို့ အရေးပေါ်ပို့ ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါကျေးရွာတွင် စပါးရိတ်နေသည့် အမျိုးသား ၂ ဦးအား ရန်ငြိုးရှိသူမှ ဓားဖြင့်ခုတ်ခဲ့ရာ မျက်နှာနှင့်လက်တွင် ပြတ်ရှဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သံဖြူဇရပ်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ဓားဖြင့်ုတ်ခဲ့သူမှာ ခုတ်ခံရသူ ၂ ဦးနှင့် ဝမ်းကွဲညီမ တော်စပ်သူ၏ယောကျာ်းဖြစ်သူဖြစ်ပြီး ယခင်ဖြစ်ပွားခဲ့သည့်အမွေကိစ္စအားအငြိုးထားကာ ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒီရက်ထ ဓားခုတ်မှုတွေကဆက်တိုက်ဖြစ်နေတာ၊ မနေ့က စိတ်ဖောက်ပြီးခုတ်တယ်။ ရှေ့တနေ့ကလည်း အမွေကိစ္စ စကားများရင်း အမျိုးတွေအချင်း ချင်းထဖြစ်ပြီး ၂ယောက်ဓားနဲ့ခုတ်ခံရသေးတယ်” ဟု သံဖြူဇရပ်ဒေသခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
#သံဖြူဇရပ်#ဓားခုတ်မှု #စိတ်ကျရောဂါဖြစ်ပွားသူ #ဒဏ်ရာပြင်းထန် #AyeyarwaddyTimes