ဆောင်းပါးရှင် – သံလက်သီး
နိုဝင်ဘာလ ၁၃ ရက်

နိုင်ငံရေးနဲ့ပတ်သတ်ပြီး ထင်ရှားတဲ့တရုတ်အဆိုအမိန့်တစ်ခု ရှိတယ်။ အာဏာရှင်အစိုးရတရပ်ဟာ တိုင်းပြည်တစ်ပြည်ကို “အနှစ် ၂၀ အုပ်ချုပ်ချင်ရင် ပြည်သူတွေကို စာမဖတ်အောင်လုပ်”၊ “အနှစ် ၄၀ အုပ်ချုပ်ချင်ရင် ပြည်သူတွေကို ပညာမတတ်အောင်၊ စာမတတ်အောင် လုပ်”၊ “အနှစ် ၁၀၀ အုပ်ချုပ်ချင်ရင် ပြည်သူလူထုကို အကျင့်ပျက်အောင် လုပ်”တဲ့။

အခု အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အောက်ခြေအဆင့်ဆင့်က စစ်ကောင်စီတွေ ဘာတွေလုပ်နေပါသလဲ။

ပြည်သူတွေကို စာမဖတ်အောင်နဲ့ ပညာမတတ်အောင် မင်းအောင်လှိုင်ရဲ့ အဖေကြီးများဖြစ်တဲ့ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့က ပညာရေးစနစ်ကို ဖျက်ဆီးပြီး နှစ်ပေါင်းများစွာ လုပ်ထားပြီးဖြစ်ပါတယ်။ အဲတော့ မင်းအောင်လှိုင်အနေနဲ့က ပြည်သူတွေ အကျင့်ပျက်အောင် လုပ်ဖို့အဓိက ဖြစ်နေတယ်။

ဒါကြောင့်လည်း လက်ရှိစစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ မြန်မာပြည် ဒေသအသီးသီးမှာ စစ်ကောင်စီက ဘောလုံး၊ နှစ်လုံး၊ သုံးလုံး၊ ဖဲဝိုင်း၊ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းစတဲ့ လောင်းကစားဝိုင်းတွေ၊ အပျော်အပါး ပွဲလမ်းသဘင်နဲ့ မူးယစ်ဆေးဝါးတွေကို ဖောဖောသီသီ လုပ်ခွင့်ပေးထားတာ တွေ့နိုင်ပါတယ်။

ဧရာ၀တီတိုင်းမှာဆိုရင် ဟင်္သာတခရိုင်အတွင်းက ရွာတွေဘက်မှာ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ဖဲဝိုင်းတွေကို စစ်ကောင်စီခွင့်ပြုချက်နဲ့ အကြီးအကျယ် လုပ်နေကြသလို တနင်္သာရီတိုင်းဘက်မှာဆိုရင် ဘုရားပွဲမှာတောင် လောင်းကစားဝိုင်း ထည့်သွင်း ကျင်းပတဲ့အထိ မင်းအောင်လှိုင်တို့ စစ်ကောင်စီက အားပေးခဲ့ပါတယ်။

လောင်းကစားဝိုင်းတွေပေါတော့ ဘာဖြစ်သလဲ။ လူတွေက လောင်းကြ၊ ရှုံးကြ၊ စီးပွားပျက်ကြ၊ စားစရာ မရှိ ငတ်လာတော့ လိမ်ကြပတ်ကြ၊ လုကြယက်ကြနဲ့ အကျင့်ပျက်တော့တာပေါ့။ လက်ရှိမှာတင် မြို့ကြီးတွေမှာ ခိုးဖွက်မှု၊ လုယက်မှု၊ အနုကြမ်းစီးမှု၊ ဓားပြမှုတွေက ဒုနဲ့ဒေး ဖြစ်နေတယ်မို့လား။

စစ်ကောင်စီက တရားဥပဒေစိုးမိုးမှုရှိအောင် မလုပ်နိုင်တဲ့ကာလမှာ လောင်းကစားဝိုင်းတွေကို ဖောဖောသီသီ ခွင့်ပြုပေးနေတာဟာ ခိုးဆိုးလုယက်တွေ ပိုပေါလာအောင်လုပ်နေတာဖြစ်သလို ပြည်သူလူထုကိုလည်း လူဆိုးသူခိုးတွေလက်ထဲ ပစ်ထားသလို ဘေးအန္တရာယ်တောထဲ တွန်းပို့နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက လောင်းကစားအပြင် ဘုရားပွဲအကြောင်းပြပြီး အပျော်အပါးနဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဖောဖောသီသီ ခွင့်ပြုပေးထားပါသေးတယ်။ အပျော်အပါးပွဲလမ်းသဘင်ကတော့ ပြည်သူတွေ နိုင်ငံရေးကိုမေ့ပြီး သူတို့စစ်အုပ်ချုပ်ရေးအောက်ရောက်စေဖို့နဲ့ မူးယစ်ဆေးဝါးကတော့ လူငယ်တွေ ပျက်စီးစေဖို့ပါပဲ။

စစ်အာဏာသိမ်းမှုကြောင့် အလုပ်တွေကရှား၊ ကုန်စျေးနှုန်းက တက်၊ စီးပွားက ကြပ်တဲ့အထဲ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေပါ ဖောဖောသီသီခွင့်ပြုပေးထားတဲ့နောက်တော့ ဒီတိုင်းပြည်မှ မပျက်စီးရင် ဘယ်တိုင်းပြည် ပျက်စီးပါတော့မလဲ။

တကယ်တော့ ရှေ့က စစ်အာဏာရှင်ကြီး ၂ ယောက်ဖြစ်တဲ့ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့ ဆယ်စုနှစ်များစွာ ဖျက်ဆီးခဲ့လို့ တိုင်းပြည်က တော်တော်ပျက်စီးနေပါပြီ။ ဘုန်းဘုန်းလဲနေတဲ့တိုင်းပြည်ကို ဖွတ်ဖွတ်ညက်ညက် ကြေဲပြီး ပြာပုံဘ၀ရောက်အောင် စစ်အာဏာရှင် မင်းအောင်လှိုင်က သူ့အကျိုးစီးပွား အတွက် ဖျက်ဆီး နေတာပါ။

မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်၊ မတ်လမှာ ဗိုလ်နေဝင်းက စတင်ပြီး အာဏာသိမ်းခဲ့တယ်။ အာရှမှာ ထိပ်တန်းအဆင့် ဖြစ်နေတဲ့တိုင်းပြည်က ဗိုလ်နေဝင်း စစ်အာဏာသိမ်းခဲ့တဲ့နောက် အဆင်းရဲဆုံးတိုင်းပြည်ဖြစ်ခဲ့တယ်။ နောက်တဖန် ၁၉၈၈ ခုနှစ်မှာ လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွင်းပြီး ဗိုလ်သန်းရွှေတို့အုပ်စု အာဏာသိမ်းခဲ့ပြန်တယ်။ တိုင်းပြည်ကပိုပြီးဆင်းရဲတွင်းနက်ခဲ့တဲ့အပြင် တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို ဆိုးရွားစုတ်ပြတ်တဲ့အထိ စစ်အာဏာရှင်တွေက ဖျက်ဆီးပစ်ခဲ့ကြတယ်။

ဆင်းရဲတွင်းကနက်ခဲ့ကြတော့ အိမ်နီးချင်းနိုင်ငံတွေကို မြန်မာတွေ သိန်းနဲ့သန်းနဲ့ချီထွက်ပြီး မိသားစု စားဝတ်နေရေးနဲ့ ဝမ်းရေးအတွက် သူတို့နိုင်ငံသားတွေမလုပ်ချင်တဲ့အလုပ်ကြမ်းတွေ လုပ်ကြရတယ်။

စစ်အာဏာရှင်တွေ ပုံစံမျိုးစုံနဲ့ အုပ်ချုပ်လိုက်တာ မြန်မာနိုင်ငံသားတွေခမျာ နိုင်ငံတကာရဲ့အနှိမ်ခံ ဘုံကျွန်တွေကို ဖြစ်လို့။ တိုင်းပြည်ကလည်း စစ်အာဏာရှင်တွေကျေးဇူးကြောင့် အာရှမပြောနဲ့ အာဆီယံအဆင့်မှာတောင် အောက်ဆုံံနားမှာ ချွတ်ခြုံကျ၊ မွဲပြာကျလို့။

အခုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနဲ့အတူ ဖွံ့ဖြိုးစပြုလာတဲ့တိုင်းပြည်ကို လက်နက် အားကိုးနဲ့အနိုင်ကျင့် အာဏာသိမ်းပြီး တိုင်းပြည်ကို ချောက်ထဲဆွဲချခဲ့သလို ပြည်သူလူထုကိုလည်း အကျင့်ပျက်အောင် စနစ်တကျကို လုပ်နေပါပြီ။

စစ်အာဏာရှင်ဆိုတာ ပညာမတတ်ဘဲ ဆင်းရဲတဲ့ ပြည်သူလူထုကိုသာ အလိုရှိတယ်။ အကောင်းအဆိုး မခွဲခြားနိုင်တဲ့၊ ပညာမတတ် အကျင့်ပျက်သူတွေများမှ နှစ်ပေါင်းများစွာ သူစိတ်တိုင်းကျ အုပ်ချုပ်နိုင်မှာကိုး။ ရှေ့က စစ်အာဏာရှင် ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့က ဒီလိုနည်းနဲ့ပဲ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တယ်မို့လား။

ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ၁ နှစ်ကျော်၊ ၂ နှစ်နီးပါး အနေကြာလာတဲ့အခါ တချို့တွေ သွေးအေးလာကြတယ်။ တချိန်က “စစ်အာဏာရှင်စနစ် အလိုမရှိ”ဆိုပြီး ဒို့အရေးကြွေးကြော်ခဲ့သူ တချို့တွေ တောထဲမှာ စစ်ကောင်စီကို လက်နက်ကိုင်ပြီး အသေခံတိုက်နေတဲ့ ကလေးတွေကိုမှ အားမနာ စစ်ကောင်စီလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ မြူးထုးပျော်ပါးလို့။

”မြန်မာ့နွေဦးတော်လှန်ရေး“ဟာ မြန်မာပြည်ကို နှစ်ပေါင်း ၅၀ ကျော် နည်းမျိုးစုံနဲ့ အနိုင်ကျင့်နှိပ်စက်၊ လှည့်ဖျား အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နေတဲ့ တော်လှန်ရေးဖြစ်တယ်။

နှစ်ပေါင်း ၅၀ ကျော် ရောဂါ စွဲကပ်နေတဲ့လူမမာတယောက်ကို ရက်ပိုင်း၊ လပိုင်းလောက်နဲ့ကုလို့ ရောဂါမပျောက်သလိုပဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့က ပြည်သူလူထုအားနဲ့ တညီတညွတ်တည်း ဇွဲနဘဲနဲ့ ရုန်းထွက်မှ ကြိုးပမ်းကြမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

ကောက်ရိုးမီးလို အစကတော့ ဟုန်းကနဲတောက်လောင်ပြီး နောက်ပိုင်းအဖျားရှူးသွားတဲ့စိတ်ဓာတ်၊ ခံယူချက်မျိုးနဲ့ကတော့ “မြန်မာ့နွေဦးတော်လှန်ရေး“အောင်မြင်ဖို့ မလွယ်ပါ။

စာရေးသူ စဉ်းစားမိသလောက် “မြန်မာ့နွေဦးတော်လှန်ရေး”အောင်မြင်ဖို့က ပြည်သူလူထုအနေနဲ့

၁။ တော်လှန်ရေးအင်အားစုတွေကို ငွေအား၊ လူအားနဲ့ကူနိုင်တာ ကူမယ်၊
၂။ ငွေကြေးနဲ့မကူနိုင်ရင် အွန်လိုင်းကနေ “ကလစ်” မယ်၊
၃။ အင်တာနက် အဆင်မပြေလို့ ဖုန်းဘေလ်ဖိုး မတတ်နိုင်လို့ “ကလစ်” မလုပ်နိုင်ရင်လည်း စစ်ကောင်စီ ထုတ်ကုန်တွေကို သပိတ်မှောက်မယ်၊ စစ်ကောင်စီလုပ်သမျှ ပွဲလမ်းသဘင်တွေ မသွားဘဲ၊ မပူးပေါင်းဘဲ ညီညွတ်စွာ ဆန့်ကျင်မယ်ဆိုရင် တော်လှန်ရေးမုချ အောင်မှာပါ။ ပြည်သူသာလျှင် အဓိကပါ။

အဲ့လိုမဟုတ်ဘဲ စစ်အာဏာရှင် မင်းအောင်လှိုင်လှည့်ကွက်ထဲ လဲကျပြီး သွေးအေးခဲ့ကြမယ်ဆိုရင်တော့ဖြင့် “တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနေတဲ့ ဒီကောင်တွေလက်ထဲမှာ ခင်ဗျားတို့ကျုပ်တို့ ဆွေစဉ်မျိုးဆက် ဘ၀ပျက်ဖို့သာ ပြင်ထားကြပေရော့”လို့ပဲ ဆိုချင်ပါတယ်

#အတွေးအမြင် #ဆောင်းပါး #မြန်မာ့နွေဦးတော်လှန်ရေး #Ayeyarwaddy_Times