ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃၊ ၂၀၂၂
ရန်ကုန်မြို့ရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ရေနံဓာတုဒေလုပ်ငန်း MPE မှ ဝန်ထမ်းများ၏ လူမှု့ကွန်ယက် Facebook၊ Gmail အကောင့်များနှင့် လျှို့ဝှက်ကုဒ်များကို ဌာနတွင်း အကြီးအကဲများ၏ စေခိုင်းချက်အရ တောင်းခံထားကြောင်း အဆိုပါဌာနရှိ ဝန်ထမ်းတချို့ထံမှ သိရသည်။
ဌာနတွင်း သတင်းပေါက်ကြားမှု့များကို စိစစ်ရန်အတွက် ဝန်ထမ်းအားလုံးလက်ရှိအသုံးပြုနေသော လူမှု့ကွန်ယက် များကို ထိန်းချုပ်ရန် စီမံခြင်းဖြစ်ပြီး စာပေးစာယူ ဌာနဝန်ထမ်းများကို ပိုမိုစောင့်ကြည့်နေကြောင်း MPE ဝန်ထမ်းတဦးက ပြောသည်။
“ကျနော်တို့ လက်ရှိသုံးနေတဲ့ Facebook၊ Gmail အကုန် ပေးရတယ်။ Password ပါ ပေးရတယ်။ ကျနော်တို့ အသုံးပြုနေတာကို ထိန်းချုပ်လိုက်တာပါ။ ဌာနတွင်း ညွှန်မှူးကအစ အောက်ခြေအဆင့်အထိ ဝန်ထမ်းတိုင်း ပေးရတယ်။ နေပြည်တော် ရုံးချုပ်က ဝန်ထမ်းတွေကိုလည်း တောင်းတယ်။ စွမ်းအင်ဝန်ကြီးဌာနမှာ MTE ဝန်ထမ်းတွေကို စလုပ်တာ။ ကျန်ဌာနတော့ မကြားသေးဘူး” ဟု ရန်ကုန်ရှိ MPE ဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
မြန်မာ့ရေနံလုပ်ငန်းကို နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု့ စာရင်းတွင် အလုံးစုံမပါဝင်သေးသော်လည်း စစ်တပ်အာဏာသိမ်းမှု့ကို ဆန့်ကျင်သော ပြည်တွင်း၊ ပြည်ပအင်အားစုများက တောင်းဆိုနေလျှက်ရှိသည်။
အဓိကအားဖြင့် မြန်မာပြည်သူများအပေါ် လေကြောင်းမှ အကြမ်းဖက် သတ်ဖြတ်နေမှု့များကို အာဏာသိမ်းစစ် တပ်မှ ဆက်တိုက်ကျူးလွန်နေသည့်အတွက် စစ်တပ်အပေါ် စွမ်းအင်ကဏ္ဍဖြတ်တောက်နိုင်ရေးသည် အရေးပါသည့် အနေအထားဖြစ်ကြောင်း ရှု့မြင်လာကြသည်။
သို့သော်လည်း စစ်တပ်အနေဖြင့် လေယာဥ်ဆီ အသုံးပြုမှု့နှင့် ပက်သက်ပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း၊ ရန်ကုန်ရှိ သီလဝါ ဆိမ်ကမ်းတွင် လေယာဥ်အရန်ဆီ ဂါလံ ၅ သန်းနှင့် မင်းဘူးရှိ မန်းသံပရာကန်တွင် လေယာဥ် အရန်ဆီ ဂါလံ ၅ သန်းတို့အထိ သိုမှီးထားကြောင်း၊ လက်ရှိနေစဥ် အသုံးပြုနေသည့်နှုန်းအရ ၆ လအထိ အသုံးပြုနိုင်ကြောင်း နေပြည်တော်ရှိ MPE ဝန် ထမ်းတဦးက ပြောသည်။
“မန်းသံပရာကန်က တနေ့ ဂါလံ ၂ သောင်းအထိ ကိုယ် တိုင်ချက်ပြီး ထုတ်ယူတယ်။ သီလဝါကို ရေကြောင်းကနေ ပြန်ပို့တယ်။ ပြည်ပက သွင်းလာတဲ့ လေယာဥ်ဆီတွေနဲ့ ရောသုံးတယ်။ ပြည်ပဆီတင်မကဘူး။ ပြည်တွင်းမှာလည်း ချက်နေတယ်။ မန်းသံပရာကန်က အဓိကချက်တာက ဒီဇယ်နဲ့ လေယာဥ်ဆီပဲ။ လေယာဥ်ဆီမပြတ်အောင် စစ်တပ်က နည်းမျိုးစုံ သုံးတယ်။ ရုရှားက တင်သွင်းတဲ့ဆီတွေမှာ ဒီဇယ်အများဆုံး စာရင်းပြထားပေမယ့် လေယာဥ်ဆီပါတယ်ဆိုတာ ကျနော်တို့ သိရတယ်။ ကျန်တဲ့ဆီသာ အပြတ်ခံမယ်။ လေယာဥ်ဆီက ၆ လစာ အနည်းဆုံး လက်ကျန်ကို အလျော့မခံဘူး” ဟု သူက ဆိုသည်။
အာဏာသိမ်းစစ်တပ်အနေဖြင့် MPE ဌာနတွင်း ဝန်ထမ်းများကို သတင်းပေါက်ကြားမှု့များကြောင့် တင်းကြပ်သည့် စီမံချက်များ ပြုလုပ်နေပြီး ပုဂ္ဂလိက လွတ်လပ်ခွင့်များကိုပါ ထိန်းချုပ်လာနေသည်။
#Ayeyarwaddy_Times