အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၁၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီက ခန့်ထားတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေပေါင်းပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အေးမောင်ချိုက မူးယစ်ဆေးဝါးအလကားသုံးစွဲဖို့အတွက် မူးယစ်ဆေးဝါးရောင်းချခွင့်တွေကို တရားဝင်ပုံစံမျိုးခွင့်ပြုပေးထားသလို စစ်ကောင်စီတပ်သားတွေက မူးယစ်ဆေးဝါးသယ်ပေးပြီး ရဲတပ်ဖွဲ့က လိုင်းကြေးယူခွင့်ပြုပေးထားတယ်လို့ သိ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
အေးမောင်ချိုကို အလကားပေးရတာ တစ်ခါပေးရင် ၅၀ နဲ့ ၁၀၀ ကြားပေးရတယ် သူက ကားပေါ်မှာသုံး တာ သယ်ပေးတာက ၂၇ ကတပ်ကြပ်ကြီးတစ်ယောက်ပဲ တပ်ရေး မျိုးဇော်ဟိန်းက စီစဉ်ပေးတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အေးမောင်ချိုအတွက် ၁ လကို ခွဲတမ်းအနေနဲ့ စိတ်ကြွရူးသွပ် ဆေးပြား အနည်းဆုံး အပြား ၅၀ ကနေ အများဆုံး ၁၀၀ ကြားအလကားပေးရပြီး မူးယစ်ဆေးဝါး ရောင်းချတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းချသူတွေက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေကို ဆေးအလကားပေးပြီး ရဲတပ်ဖွဲ့ကို လိုင်းကြေးပေးကာ လုပ်စားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်လွင်နဲ့ နယ်ထိန်း စိုးညွန့်တို့ ၂ ဦးကို ၁ လ ၂ သိန်းပေးပြီး မူးယစ်ဆေးဝါး ရောင်းချတာတွေပြုလုပ်နေတာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။
#Ayeyarwaddy_Times