ဧရာဝတီတိုင်းမ်
(သထုံ)၊ နိုဝင်ဘာလ ၁၃ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှ စစ်ကောင် စီသတင်းပေးဒလန်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှပြန်လည်ဖမ်းဆီးသွားကြောင်း သိရသည်။
လေ့ကျင့်ရေး ၉ တပ်ရင်းမှ ဗိုလ်မှူး ချစ်ဝင်းသူ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ ပြီးနောက် ဝင်းစိန်ရွာမှ ၄င်းတို့စစ်ကောင်စီသတင်း ပေးလုပ်ဆောင်နေသူ သားငယ်ဆိုသူအား သတင်းမှားပေးသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ် ကြောင်းသိရသည်။
သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၉) တပ်မှ ဗိုလ်မှူး ချစ်ဝင်းသူ ဦးဆောင်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းကဝင်းစိန်ရွာမှ တပ်ကြွလှုပ်ရှားသူတချို့အား သွားရောက်ဖမ်းဆီးပြီးအပြန်လမ်းတွင် ဒေသကာကွယ် ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်သဖြင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ဒုတပ်ရင်းမှူးနှင့်အဖွဲ့သေဆုံးပြီးနောက် စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်းအင်အားအများအပြားဖြင့်ဝင်ရောက်ရှာဖွေ၍ဒေသခံများအားခြိမ်းခြောက် မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
”မနက်ပိုင်းသူတို့အထိနာလို့ အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေက အဲ့ဒီနေ့ ညနေပိုင်းမှာ ဝင်းစိန်ရွာထဲကို စစ်ကြောင်းထိုးလာပြီးရှာဖွေတာတွေလုပ်တယ်။ သူတို့ကိုသတင်းပေးနေကြ လူယုံဒလန် သားငယ် ကို သူတို့ကိုသတင်းလိမ်ပေးတယ်ဆိုပြီးဖမ်းသွားတယ်။ လိမ်လည်သတင်း ပေးလို့သူတို့စောင့်တိုက်ခံရတာဆိုပြီးဖမ်းသွားတာ” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သားများမှ ဒေသခံကာကွယ်ရေးတပ်များ၏တည်နေရာအား ၃ ရက်အတွင်းလမ်းမပြပေးနိုင်လျှင် ရွာအားမီးရှို့မည်ဟုခြိမ်းခြောက်ပြောဆိုထားမှုကြောင့် ရွာသားတချို့မှာ ထွက်ပြေးရှောင် တိမ်းနေကြကြောင်း သိရပါသည်။
” မဆိုင်တဲ့ရွာကိုပတ်ရမ်းနေတာ၊ သူတို့အထိနာတော့။ ၃ ရက်အတွင်း PDF ကိုရှာပေးရမယ်၊ PDF စခန်းကိုပြပေးရမယ်။ ပြမပေးနိုင်ရင် ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု ဒေသခံတဦးကပြောသည်။
ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနဲ့အဖွဲ့အား ဝင်းစိန်ကျေးရွာမှအပြန်တွင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်မှူးအပါအဝင် ၃ ဦးသေဆုံးခဲ့သောကြောင့် စစ်ကောင်စီမှ ဝင်းစိန်ကျေးရွာအားပစ်မှတ်ထားခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သိရသည်။
#သထုံ #ဝင်းစိန် #ရွာခံဒလန် #စစ်ကောင်စီဖမ်းဆီး #ခြိမ်းခြောက် #AyeyarwaddyTimes