ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်၊သိမ်ဖြူလမ်းရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း (Money Changer) တစ်ခု ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်က ဓားပြတိုက်ခံရကြောင်း မြို့ခံများထံကသိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူ လမ်း၊ အမှတ် ၅၀၀ မြေညီထပ်ရှိ ရဲမင်းအောင် Money Changer လုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက လူ ၄ ဦးရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” အိမ်စီးကားနဲ့ လူ ၅ ယောက်ပါတယ်။ ၄ ယောက်က ဆင်းလာပြီးတော့ ပစ္စတိုသေနတ်နှစ်လက်နဲ့ မန်နေဂျာကို ချိန်ထားတာ။ မန်နေဂျာက ငွေတွေထုတ်မပေးတော့ သူတို့ဘာသာ ကောင်တာမှန်ကိုခွဲပြီး ပိုက်ဆံတွေကိုယူသွားတာ ခန့်မှန်းပေါ့နော် သိန်း ၃၀၀ ကျော်လောက် ပါသွားတယ်။ iphone တစ်လုံးလည်းပါသွားတယ်”ဟု အဆိုပါငွေလဲလှယ်လုပ်ငန်း နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
လုယက်ပြီးနောက်ဆိုင်မှပြန်ထွက်စဥ် ပစ္စတိုတစ်လက်၊ ကျည်အိမ်နှင့်ကျည်များ ကျကျန်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့နေတစ်ဦးမှ “ခုက ရောင်တော်ပြန်တွေဗျ။ သူခိုးတွေကလည်း အတင့်ရဲ။ ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလိုနဲ့ ရောကြိတ်နေကြတာ။ ကာကွယ်ရေးရဲဘော် တွေလို့တော့မထင်ဘူးဗျ။ သူတို့ဟာသူတို့တောင် အလှူခံပြီး တိုက်နေကြတာ။ ကျွန်တော့်အမြင်ပေါ့။ ရန်ကုန်ကမလုံခြုံတာ အာဏာသိမ်းပြီးကတည်းပဲ”ဟု ဆိုသည်။
#သိမ်ဖြူလမ်း #Money Changer #ဓားပြတိုက်ခံရ #AyeyarwaddyTimes