ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ နှစ်ဖက် စစ်ရေးတင်းမာလာပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ဒေသတွင်း စက်သုံးဆီတင်သွင်းမှုကို အကန့် အသတ်နဲ့ ခွင့်ပြုတာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နန့်ယား – ကာမိုင်း စစ်ဆေးရေးဂိတ်ကစတင်ပြီး ဆီကားတွေကို ပိတ်ထားတာ ၂ ပတ်ကျော်ရှိလာပြီ ဖြစ်တာကြောင့် ဒေသခံတွေအတွက် လုပ်ငန်းလည်ပတ်ဖို့အခက်အခဲတွေလည်း ရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ စစ်ရေးစစ်ရာမို့ပိတ်ထားတယ်ဆိုတာကလည်း မခိုင်လုံပါဘူး၊ ခုက ပိတ်ထားတာ ၂ ပတ်လောက်ရှိ လာတော့ ဒေသခံတွေ အကုန်အခက်အခဲဖြစ်တာပေါ့ လုပ်ငန်းတွေ လည်ပတ်ဖို့ လိုအပ်တာထက်ပိုကုန် တာပေါ့ ဆီဈေးကလည်း ၂ ဆလောက်တက်လာပြီလေ ဒါတောင် ဆီက ဝယ်ချင်တိုင်း ဝယ်မရတော့ဘူး” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ပြောပါတယ်။
ခုလိုမျိုး စစ်ကောင်စီက ဖားကန့်မြို့နယ်ထဲကို စက်သုံးဆီသယ်ယူခွင့်ကို နန့်ယား – ကာမိုင်းဂိတ်က စတင်ကာ ပိတ်ပင်ထားတာဖြစ်ပြီး ခရီးသည်တင်တဲ့ ကားတွေကို အပြန်ဆီထည့်ဖို့အတွက် ဆီ ၁၅ ဂါလံကနေ ဂါလံ ၂၀ အထိသာသယ်ယူခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဖားကန့်မြို့နယ်ကို တင်သွင်တဲ့ စက်သုံးဆီတွေကို ပိတ်ပင်ထားတာကြောင့် ဒေသတွင်း မှာရှိတဲ့ ကျောက်တူးဖော်တဲ့ကုမ္ပဏီက ဆီကန်တွေဘက်ကို အန္တရာယ်ပေးတာမျိုးတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ၂၀၁၂ လောက်ကလည်း ဖားကန့်မြို့နယ်မှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တချို့မှာ ရှိတဲ့ ဆီသိုလှောင်ကန်တွေ ဖောက်ထွင်လုယူခံရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
#ဖားကန့် #စက်သုံးဆီ #Ayeyarwaddy_Times