ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်
ဧရာဝတီတိုင်းရဲ့ မြို့တော်ပုသိမ်မြို့မှာ စစ်ကောင်စီက တန်ဆောင်မုန်းလပြည့်နေမှာ မီးမျှောပွဲ လူစုလူဝေနဲ့ပြုလုပ်ပြီး နောက်တစ်နေ့ ကိုဗစ်ရောဂါကူးစက်ခံရသူရာနဲ့ချီရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်ရောဂါစစ်ဆေးမှု မရှိတော့လို့ ကူးစက်ခံရသူအရေအတွက် အတည်ကျမသိရပေမယ့် အနည်းဆုံး ၁၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။
”ခုက ဆေးရုံတက်လူနာမှ သံသယရှိရင် ကိုဗစ်စစ်ဆေးတာ အပြင်လူတွေစစ်ဆေးတာမျိုးမရှိတော့ဘူး မီးမျှောပွဲကတော့ မစည် စည်အောင်လုပ်ရတော့ အနည်းဆုံး လူ ၁၀၀၀ လောက်ရှိမယ် ပွဲတက်ရတာ အဲ့မှာအကုန်ကူးတာပဲ ကာကွယ်ဆေးထိုးထားလို့ အရင်လို အသေမများ”လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီကပြုလုပ်တဲ့ မီးမျှောပွဲတက်ပြီးနောက်တစ်နေ့မှာပဲ ကျောင်းသားတွေ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ဆရာ ဆရာမတွေ ကိုယ်ပူဖျားနာတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လူစုလူဝေးနဲ့ပြုလုပ်တဲ့ပွဲဖြစ်တာကြောင့် ကူးစက်ခံရနိုင်ချေများပြီး သေချာမစစ်ဆေးနိုင်လို့ ကူးစက်ခံရတာ မသိနိုင်တာလို့ ကျန်းမာရေးဝန်ထမ်းတွေက သုံးသပ်ပြောဆိုပါတယ်။
ပုသိမ်မြို့မှာ မီးမျှောပွဲလုပ်ပြီး နောက် ၂ ရက်အတွင်းမှာပဲ ကိုဗစ်နဲ့ သေဆုံးသူ ၂ ဦးထိရှိခဲ့သလို ဒါဟာဘာသာခြားတွေနဲ့ နေအိမ်မှာ သေဆုံးသူတွေမပါဝင်ဘဲ ဆေးရုံကြီးမှာ ကိုဗစ်ကြောင့်သေဆုံးတဲ့ စာရင်းသာဖြစ်တယ်လို့ သိရပါတယ်။
#ပုသိမ်မြို့ #စစ်ကောင်စီ #မီးမျှောပွဲ #ကိုဗစ်
#Ayeyarwaddy_Times