ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရမှုမှာချောင်းနှစ်ခွနယ်မြေရဲစခန်းမှူးအပါအဝင် ၃ ဦး သေဆုံးပြီး ၄ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ် ။

သေဆုံးခဲ့သူတွေဟာ စခန်းမှူး ရဲအုပ် လှကျော်ဦး၊ ရဲဒုတပ် ကြပ် စိုးငြိမ်းဦး၊ ရဲတပ်သား အောင်နန်းစွန်တို့ဖြစ်ပြီး တခြား ရဲတပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံးနေတယ်လို့ မွန်ပြည် နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

”အစက စခန်းမှူးကို အရှင်ဖမ်းသွားတယ်လို့သိရတာ။ အားလုံးပြီးသွားတော့မှ စခန်းမှူးအလောင်းကိုတွေ့တယ် လို့ သိရတယ်။ စခန်းမှူးကရခိုင်ကပြောင်းလာတာမကြာသေးဘူး။ စခန်းမှူး လှကျော်ဦးရယ်၊ ရဲဒုတက စိုးငြိမ်းဦး၊ ရဲတပ်သား အောင်နန်းစွန် ၃ ဦး သေဆုံးတယ်။ အဲ့ဒီစခန်းကလူနည်းတယ်လို့သိရတယ်။ တခြားရဲ ၄ ယောက်တော့ ပျောက်နေတယ်လို့သိရတယ်။ အဲ့ဒီ ၄ ယောက်ကတော့ ဘယ်လိုပျောက်နေတာလဲ ၊ အရှင်ဖမ်းခံလိုက်ရတာလား ထွက်ပြေးရင်းပြန်မလာတာလားတော့သေချာမသိဘူး။ အရှင်ဖမ်းခံလိုက်ရတာလို့တော့ပြောကြတယ်” လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဒေသခံတဦးက
ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရဲစခန်းတိုက်ခိုက်စီးနင်းခံရမှုမှာ ရဲ ၄ ဦးအပြင် စခန်းအတွင်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေလည်းအများအပြား လည်း ပျောက်ဆုံးနေပြီး ရဲစခန်းအတွင်းအဆောက်အဦးတချို့လည်း မီးလောင်ပျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ချောင်းနှစ်ခွရဲစခန်းကို ဒီကနေ့မနက်အစော ၅ နာရီခွဲလောက်မှာ တော်လှန်ရေးအင်အားစုတွေဘက် ဝင် ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ကဝင်ရောက်တိုက်ခိုက်တယ်ဆိုတာ ထုတ်ပြန်တာမျိုးမရှိသေးသလို ဧရာဝတီတိုင်းမ်အနေနဲ့ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။ ဒါ့အပြင် ရဲတပ်သားတွေ အရှင်ဖမ်းဆီးခံရမှု ရှိ၊မရှိ အခြေအနေတွေကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ရဲစခန်းစီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ချောင်းနှစ်ခွရွာနဲ့ အနီးတဝိုက်ကို မနက် ၇ နာရီခွဲဝန်း ကျင်လောက်မှာ ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေထောင်နဲ့ချီပြီးဘေးလွတ်ရာကို ရွှေ့ပြောင်းတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#ကျိုက်မရော #ချောင်းနှစ်ခွ #ရဲစခန်း #စခန်းမှူး #ရဲ ၃ ဦးသေဆုံး #Ayeyarwaddy_Times