ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဆောမြို့နယ် ပ.က.ဖ လက်အောက်ခံ အချုပ်ခန်းစောင့်ရဲဘော်များ မျက်နှာချင်းဆိုင်တိုးမိရာ အသက်ဘေးမှ လွတ်မြောက်ရေးအတွက် ရှောင်တိမ်းခဲ့ရကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အချုပ်ခန်းစောင့်ရဲဘော်များ ထွက်ပြေးခဲ့ရသဖြင့် အချုပ်ခန်းစောင့်ရာတွင်အသုံးပြုသော ပ.က.ဖ မှ မောင်းပြန် ၂ လက်နှင့် ပ.လ.ဖ မှ လက်လုပ်အူဇီ ၃ လက်၊ လက်လုပ်ခါးချိုး ၃ လက်၊ အိုင်ကွန် ၃ လုံး၊ ဆိုင်ကယ် ၅ စီး၊ ဖုန်း ၁၄ လုံး၊ ငွေကြေးအချို့နှင့် အဝတ်အစားများကို ဆုံးရှုံးခဲ့ကြရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖြစ်စဥ်တွင် မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်နှင့် အချုပ်တာဝန်ခံတို့၏ စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့ခြင်း၊ ပြတ်သားသောညွှန်ကြားချက်များမပေးနိုင်ခဲ့ခြင်း၊ အချုပ်ခန်းစောင့်ရဲဘော်များ၏ ကင်းပျက်ကွက်ခြင်းတို့ကြောင့်ဖြစ်ပြီး အဆိုပါဆုံးရှုံးနစ်နာမှုများအတွက် တာဝန်ခံရမည့်ပုဂ္ဂိုလ်များမှအပြည့်အဝတာဝန်ခံသွားမည်ဖြစ်ကြောင်း ဆောမြို့နယ် ပ.အ.ဖ က ရေးသားထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သတ်ပြီး အများပြည်သူအားစိတ်ပျက်စေခဲ့မှုအတွက် တော်လှန်သူမိဘပြည်သူတို့အား အနူးအညွှတ်တောင်းပန်ကြောင်း နောက်နောင် ယခုကဲ့သို့ မဖြစ်စေဘဲ အစိုးရယန္တရားတစ်ခုဖြစ်သည့် ပြည်သူ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အထူးဂရုပြုလုပ်ဆောင်သွားပါမည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#ဆော #စစ်ကောင်စီ #အချုပ်ခန်း #ရဲဘော် #ထွက်ပြေး
#Ayeyarwaddy_Times