ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ နိုဝင်ဘာလ ၁၂ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ဒေါက်ရပ်ကျေးရွာရှိစစ်ကောင်စီတိုးဂိတ်စခန်းတစ်ခု နှင့် စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိပါသည်။
ဘီးလင်းတိုးဂိတ်ဟောင်းစခန်းအနီး ဘီးလင်းမြို့နှင့်ကျိုက္ကော်မြို့ကြားတွင် စစ်ကောင်စီယာဉ် ၁၃ စီးပါ ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးဒရုန်းများအပါအဝင် လက်နက်ကြီး ၄၀ မမ များဖြင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ရှိသူကပြောသည်။
” မနေ့ မနက်ကနှစ်နေရာမှာဝင်တိုက်တာပါ၊ သိပ်မဝေးပါဘူးတစ်နေရာတဲ့တနေရာ၊ တိုးဂိတ်ဟောင်းနဲ့ စစ်ကောင်စီယာဉ်တန်းပါ၊ မိုင်းဆွဲတိုက်ခိုက်တယ်၊ ၄၀မမနဲ့ပစ်တယ်၊ လက်နက်ငယ်တွေနဲ့ပစ်တယ်၊ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်ကသေဆုံးဒဏ်ရာရတာ ၃၀ နဲ့အထက်မှာရှိတယ်လို့မြေပြင်သတင်းများအရသိရတယ်၊ သေဆုံးတာတော့မကြားဘူး အတည်မပြုနိုင်ဘူး” ဟု သထုံခရိုင်PDFတာဝန် ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ယာဉ်တန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် သားထိခိုက်မှုများပြားပြီး ယာဥ်တန်း ၈ စီးမြောက်စစ်ကောင်စီကားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဒေသခံတဦးမှပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း မိတ်ဖက်တပ်ပေါင်းစုများဘက်မှအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင် စီဘက်မှပြန်လည်ပစ်ခတ်မှုများကြောင့် တိုက်ခိုက်ရေးဒရုန်း ၂ စီးပျက်ကျခဲ့ရကြောင်း သထုံခရိုင်PDFတာဝန်ရှိသူမှ ပြောသည်။
မွန်ပြည်နယ်တွင် စစ်ကောင်စီတိုးဂိတ်စခန်းများတိုက် ခိုက်ခံရခြင်း၊ စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရခြင်းများမကြာခနဖြစ်ပွားနေပြီး နိုဝင်ဘာလ ၇ ရက်တွင်လည်း သထုံတွင် စစ်ကောင်စီယာဉ်တန်းအား KNLA၊ PDFပူးပေါင်း တပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။
#ဘီးလင်း #စစ်ကောင်စီယာဥ်တန်း #တိုက်ခိုက်ခံရ #AyeyarwaddyTimes