ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ငပြီကျွန်းကြား ကုလားတန်မြစ်အတွင်း ကျောက်ချ တပ်စွဲထားသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘော ၃ စီးကို အာရက္ခတပ်တော် (AA) က ရေကြောင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ ၂ စီး နစ်မြှုပ်၍ ၁ စီးမှာ သုံးမရအောင် ပျက်စီးသွားကြောင်း ULA/AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက အတည်ပြု ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် ကုလားတန်မြစ်အတွင်း တပ်စွဲပြီး စစ်တွေနှင့် ငပြီကျွန်း တိုက်ပွဲများကို ပစ်ကူပေးနေသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘော သုံး စီးကို AA က လက်ဦးမှုယူ၍ ရေကြောင်းစစ်ဆင်ရေး ဆင်နွှဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘော ၃ စီးကို ရေကြောင်းစစ်ဆင်ရေး ဆင်နွှဲခဲ့တာ ရှိပါတယ်။ ၂ စီး နစ်မြှုပ်သွားပြီး ကျန် ၁ စီးလည်း သုံးမရအောင် ပျက်စီးသွားပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်တွေမြို့နယ်နှင့် ပေါက်တော (ဝီရဌာနီ) မြို့နယ်အပိုင် ငပြီကျွန်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ယခုကဲ့သို့ ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောများကို ပစ်ခတ် နှိမ်နင်းနိုင်ခဲ့သည့် AA တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးကျူးကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။

ရွေးတုအစိုးရစစ်တပ်၏ ငပြီကျွန်း ကမ်းတက်စစ်ဆင်ရေး အောင်မြင်စေရန်အတွက် အဆိုပါ စစ်သင်္ဘောများနှင့် ရွှေမင်းဂံရေတပ် စခန်းတို့မှ လက်နက်ကြီး ပစ်ကူများ ပေးနေခြင်းဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကမ်းတက်ထားသည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချခဲ့ကြောင်း သိရသည်။

ငပြီကျွန်း ကမ်းတက်စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ AA က ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘော ခြောက် စီးခန့်ကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ တိုက်ပွဲအတွင်း သေဆုံး ပျောက်ဆုံးသွားသည့် ရွေးတုအစိုးရစစ်တပ် အင်အားမှာလည်း ရာချီ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွှေမင်းဂံ ရေတပ်စခန်းဘက်မှ စစ်ကူများ ရောက်ရှိနိုင်ခြင်းမရှိတော့ဘဲ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနှင့် စစ်သင်္ဘော ပစ်ကူများကိုသာ အားထား၍ ငပြီကျွန်းသို့ ဆုံးရှုံးမှု ကြီးမားစွာဖြင့် ကမ်းတက်ရန် ရွေးတုအစိုးရစစ်တပ်က ကြိုးပမ်းနေခြင်းဖြစ်သည်။

လက်ရှိတွင် ငပြီကျွန်းတစ်ခုလုံးကို AA က အပြည့်အဝ စိုးမိုးထိန်းချုပ်ထားပြီး ဖြစ်ကြောင်း ဦးခိုင်းသုခက ဖြေကြားထားသည်။

ဓာတ်ပုံ-AA Info Desk(ပုံဟောင်း)