ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်၏ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းမှူးတစ်ဦး အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ပွဲအတွင်း ထပ်မံသေဆုံးခဲ့ပြီး၊ ပိတ်မိနေသည့် စစ်ကြောင်းအား ကယ်ထုတ်နိုင်ရန်အတွက် လေယာဉ်အုပ်လိုက် အသုံးပြုကာ ပစ်ကူပေးနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် အင်းတော်-ထီးချိုင့်လမ်းနှင့် အင်းတော်-ဝန်းသိုလမ်းပိုင်းများကို နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်းဝင်းနှင့် နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မျိုးသိန်းတို့ ဦးဆောင်၍ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
”ပိန်းအင်း၊ လယ်ပြင်ဘက်မှာ ပိတ်မိနေတဲ့ ဗျူဟာ ၃၃၂ စစ်ကြောင်းကို ဆွဲထုတ်နိုင်ဖို့ စစ်တပ်က လေကြောင်းကနေဖိအားပေး တိုက်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကြောင်းများသည် အင်းတော်မြို့နယ် ပိန်းအင်းကျေးရွာနှင့် လယ်ပြင်ကျေးရွာအနီးတို့တွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဂျုံးဂျုံးကျကျေးရွာအနီးသို့ ရောက်ရှိလာပြီးနောက် ရှေ့ဆက်မတိုးနိုင်ဘဲ လယ်ပြင်ကျေးရွာသို့ ပြန်ဆုတ်စဉ် ထပ်မံပိတ်မိခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများအတွင်း တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းမှူးတစ်ဦး ထပ်မံသေဆုံးခဲ့သလို၊ ဗျူဟာ ၃၃၂ မှ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်းဝင်းမှာလည်း နန့်သဲ-ကျောင်းကုန်း ဖြစ်စဉ်ကတည်းက အဆက်အသွယ်ပြတ်တောက်ကာ ဖမ်းဆီးခံထားရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
စစ်ကြောင်းထိုး တိုက်ပွဲကာလအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ သေဆုံးသူ ၅၀ ထက်မနည်းရှိခဲ့ပြီး အလောင်းများကို ကျေးရွာများအနီး မြောင်း၊ ရေတွင်းနှင့် အိမ်များအတွင်း စွန့်ပစ်ခဲ့သဖြင့် ဒေသခံများက မီးသင်္ဂြိုဟ်ပေးခဲ့ရသည်။
စစ်တပ်သည် လယ်ပြင်ကျေးရွာအနီး ပိတ်မိနေသည့် ၎င်းတို့၏ စစ်ကြောင်းကို ကယ်ထုတ်ရန်နှင့် တိုက်ပွဲအတွင်း သေဆုံးများပြားလာမှုကြောင့် အောက်တိုဘာ ၂၆ ရက်နေ့အထိ လေးရက်ဆက်တိုက် ဂျက်ဖိုက်တာများ အပါအဝင် လေယာဉ် အများအပြားဖြင့် လေကြောင်းမှအုပ်လိုက် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့သည်။
ဓာတ်ပုံ-အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဝင်နေသည့် ABSDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ပုံဟောင်း)