ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည် ရွေးတုအစိုးရစစ်တပ်၏ ခြေမြန်တပ်ရင်းများကိုပါ အကွက်ကျကျ ဝိုင်းဝန်း ခြိမ်းခြောက် တိုက်ခိုက်လာပြီဖြစ်ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
အမြင့်ကျွန်း တိုက်စစ်မှသည် ပါဒလိတ် ရင်းစုများအထိ ဝင်ရောက်တိုက်ခိုက်သည့် အနေအထား ဖြစ်လာကာ အောက်တိုဘာ ၂၇ ရက်အထိ ရရှိသော သတင်းများအရ ခြေမြန်တပ်ရင်း ခမရ-၃၄၄ အနီးအထိ AA က အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။
“ပါဒလိတ်တပ်ရင်းတွေကို အပြင်းအထန် ထိုးစစ်ဆင်ဖို့ ဝါဘိုနဲ့ ငတောက်တဲ့ဘက်တွေမှာပါ အင်အား တွေ စုဖွဲ့နေရာယူ စိုးမိုးထားတယ်လို့ သိရပါတယ်” ဟု ရခိုင် မြေပြင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ခမရ -၃၄၄ တပ်ရင်းအတွင်း ၂၀၂၅ ခုနှစ် စာရင်းများအရ အင်အား ၁၅၀ မှ ၂၀၀ အထိ ဖြည့်တင်းထားကြောင်း သိရသည်။ ခြေမြန်တပ်ရင်း ခမရ-၃၄၄ အရှေ့တွင် စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း အမှတ်(၁၀) စစ်တပ်ပညာရေးကျောင်း (ပညရ -၁၀) တည်ရှိပြီး ယင်း၏ ကပ်ရပ်တွင် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်ခွဲ စနခ-၃၄၃ တည်ရှိရာ ပါဒလိတ် တပ်ရင်းစုတစ်ခုလုံး အစုလိုက်အပြုံလိုက် ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် အနေအထားဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ရွှေမင်းဂံ ရေတပ်စခန်းဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မယူမြစ်ဝ အထိ ရွေးတုအစိုးရစစ်တပ်နှင့် AA တို့ အပြိုင်အဆိုင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။ စစ်တွေ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ရုံးစိုက်ရာ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ကို ညှပ်ပိတ်၍ တိုက်ပွဲဖော်ဆောင်သည့် အနေအထားသို့ ရောက်ရှိလာပြီး ရေချမ်းပြင်နှင့် နာရီကန် တို့တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း မြေပြင် သတင်းများအရ သိရသည်။
စစ်တွေမြို့နယ်အတွင်း တိုက်ပွဲ ဦးလှည့်လာသည့် အချိန်မှစ၍ အမြင့်ကျွန်း၊ ကျားမသောက်နှင့် ရွှေမင်းဂံစခန်း တို့၏ ကာကင်းစခန်း အများအပြားကို ရွေးတုအစိုးရစစ်တပ်က လက်လွှတ်လိုက်ရပြီး ဖြစ်သည်။ ရွှေမင်းဂံ ရေတပ်စခန်း၏ လုံခြုံရေးသည်လည်း လွန်စွာ စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေပြီး ငပြီကျွန်းသို့ စစ်ကြောင်းစုတ် စစ်ဆင်ရေး ကမ်းတက်ရန် ကြိုးပမ်းသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုမှာလည်း ဆုံးရှုံးမှု ကြီးမားစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)