ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း လမ်းဆုံဂိတ်ရှိ ရွေးတုအစိုးရစစ်တပ် ဗိုလ်မှူး တစ်ဦးထံမှ လူငယ်တစ်ဦးက စစ်တပ်ထဲ ဝင်မည်ဟုဆိုကာ ငွေကျပ် သိန်း ၂၀ လိမ်လည် ထွက်ပြေးသွားသည့် သတင်း ပေါက်ကြားသွားသဖြင့် ရွေးတု စစ်တပ်က အနီးနားရှိ ကျေးရွာများအတွင်း ဝင်ရောက်ကာ ဖုန်းများပါမကျန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အသက် ၁၈ နှစ်မှ ၂၀ နှစ်ဝန်းကျင်ရှိ လူငယ်တစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ကြက်သွန်ကွင်း လမ်းဆုံဂိတ်သို့ ရောက်ရှိလာပြီး စစ်တပ်အတွင်း ဝင်ရောက်လိုကြောင်း ပြောဆိုခဲ့ ခြင်းဖြစ်သည်။
ထိုသို့ ပြောဆိုလာသဖြင့် ဂိတ်အကြီးအကဲ ဗိုလ်မှူး သန်းနိုင်က မိသားစုနှင့် အဆက် အသွယ် ပြုလုပ်ရန်နှင့် တပ်သားသစ် သင်တန်းတက်ရောက်ရာတွင် လိုအပ်သည်များ ဝယ်ယူရန်အတွက် အဆိုပါ လူငယ်ကို ငွေကျပ် သိန်း ၂၀ ပေးအပ်၍ ဈေးဝယ်ခိုင်းခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။
“စစ်ဆေးတာနေတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ လွတ်မြောက်နယ်မြေ ရောက်လာပြီမို့ အနောက်မှာ ဘာဆက်ဖြစ်တယ်ဆိုတာ မသိတော့ဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ငွေကြေး ရရှိပြီးနောက် အဆိုပါ လူငယ်မှာ သတင်းအစအန မကျန်အောင် ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး ငွေလိမ်ခံရသည့် သတင်းမှာလည်း အပြင်သို့ ပေါက်ကြားခဲ့သည့်အတွက် စစ်တပ်က အနီးနားရှိ ဒေသခံ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖုန်းများကိုပါ သိမ်းဆည်း စစ်ဆေးမည်ဟု ကြိမ်းမောင်း ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း စစ်ရေး ရွေ့လျားမှုများ ရှိလာသည်နှင့်အမျှ တပ်သားသစ် လိုအပ်ချက်အတွက် သာပေါင်းနှင့် ရေကြည်မြို့နယ်များမှ ကျေးရွာသားများကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ရှေ့တန်းစခန်းများသို့ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ခိုင်းနေကြောင်း သိရသည်။
ထို့အပြင် မတရား စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသည့်အပြင် လူစားထိုး လဲလှယ်ရန် စစ်မှုထမ်းစရိတ် ငွေကြေးများကိုပါ လစဉ် အတင်းအဓမ္မ ထောက်ပံ့ခိုင်းနေသဖြင့် စီးပွားရေး ကျပ်တည်းနေသည့် ကာလတွင် ဒေသခံ ပြည်သူများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ပုံစာ-ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်နေသူ လူငယ်အချို့ကို တွေ့ရစဉ်။