ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

 

မွန်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ရွေးတုအစိုးရလက်အောက်ခံစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သား ရှစ် ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ကျိုက်ထိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

ငှက်ပျောတောကျေးရွာအတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦးမင်းဇော်(၄၃) နှစ်၊ ဒေါ်စန္ဒာ(၄၃) နှစ်နှင့် မောင်ဇွဲဇင်ဖြိုး(၂၁)နှစ် တို့ သုံး ဦးသေဆုံးခဲ့ပြီး ဦးချစ်သဲအောင်ဆိုသူမှာ ညာခြေထောက် ဖြတ်တောက်ရသည်အထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ကျောက်ဖျာအောက်ရွာအနီးရှိ စစ်ဘေးရှောင်များ နေထိုင်ရာနေရာများကို လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် တဲ သုံး လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

 

အဆိုပါနေ့တွင်ပင် အလူးကျေးရွာအုပ်စု၊ အလူးရွာကြီး၏အထက်ရွာလေး၌ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား ငါး ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

 

ပတိမ်တောင်၊ မိုးဘောနတ်စင်ရွာ၊ ဇီးကုန်းစုနှင့် ရှမ်းစုရွာထိပ်တို့ရှိ အရပ်သားများ နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များအတွင်းသို့လည်း စစ်တပ်က နေ့စဉ်နီးပါး လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

 

ယခုကဲ့သို့ စစ်တပ်၏အကြောင်းမဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ကထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ- KNU