ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
မလေးရှားနိုင်ငံမှ ပြန်လည်ပို့လိုက်သည့် မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးအနက် ရခိုင်ဒေသခံ ၄၀၀ ကျော် သည် ရန်ကုန်မြို့ရှိ ယာယီစခန်းများတွင် ဆက်လက် ထိန်းသိမ်းခံထားရပြီး ယနေ့ထက်ထိ နေရပ်သို့ ပြန်လည်ထွက်ခွာခွင့် မပြုသေးဘဲ စခန်းအတွင်း လေ့ကျင့်ခန်း သင်တန်းများ ပေးနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့က မလေးရှားမှ ပြန်လည်ရောက်ရှိလာသူများထဲတွင် ပါဝင်သည့် အဆိုပါ ရခိုင်ဒေသခံများသည် မိမိတို့၏ နေရပ်ဒေသများသို့ ပြန်ရန် ကြိုးပမ်းနေကြသော်လည်း ရန်ကုန်မြို့ရှိ နေရာချထားရေး ယာယီစခန်းများတွင် ရွေးတုအစိုးရ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပိတ်လှောင် စောင့်ကြည့်မှုကို ခံနေကြရခြင်း ဖြစ်သည်။
“သန်လျင်က သာသနာ့ဗိမာန်တော်ကြီးထဲမှာ နေ့ရော ညပါ ရဲတွေနဲ့ အလှည့်ကျ ကင်းစောင့်နေကြတာ။ အထဲမှာ ခေါ်လာတုန်းက လူတွေအတိုင်းပဲ ရှိသေးတယ်။ မနက်ကျရင် လေ့ကျင့်ခန်းလိုမျိုး သင်တန်းပေးနေတာ။ အခုထိ နေရပ်ပြန်မရောက်ကြသေးတဲ့သူတွေရှိတယ်။ အများဆုံးက ရခိုင်တွေ” ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စခန်းတွင်း ပိတ်လှောင်ခံထားရသူများ နေရပ်သို့ ပြန်လည်ထွက်ခွာခွင့် ရရှိရေး၊ စခန်းအတွင်း ကြုံတွေ့နေရသည့် တပ်သားသစ် စုဆောင်းခံရမည့် အန္တရာယ်နှင့် စိုးရိမ်ရသည့် အခြေအနေများနှင့် ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိပြီး နိုင်ငံတကာနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက အမြန်ဆုံး အကူအညီပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူငယ်အများစုသည် ရွေးတုအစိုးရစစ်တပ်၏ စစ်မှုထမ်းဥပဒေဖြင့် ပစ်မှတ်ထား ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အပြင် စီးပွားရေး ကျပ်တည်းမှုကြောင့် တရားမဝင် လမ်းကြောင်းများမှ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်။
ထိုသို့သွားရောက်ရာတွင် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို မလေးရှား အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ ရွေးတုအစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
မလေးရှား ထိန်းသိမ်းစခန်းအသီးသီးရှိ မြန်မာနိုင်ငံသား ၅,၀၀၀ အနက် ပထမအသုတ်ဖြစ်သည့် ၁,၄၇၆ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ဆိပ်ကမ်းမှတစ်ဆင့် ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘော သုံး စီးဖြင့် ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပုံစာ-ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မလေးရှားနိုင်ငံမှတစ်ဆင့် စစ် သင်္ဘော သုံး စီးဖြင့် ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများ၊